[UNICODE]
သန္နှီမှ အပြန်ကား အိမ်မှ ထွက်ခွာစဉ်ထက်ပင် ခွဲခွာရသည်မှာ ခက်ခဲနေခဲ့သည်။ အတူတကွ နေထိုင်၍ ပညာများကို သင်ကြားခဲ့ကြရသဖြင့် တစ်နှစ်တာကာလအတွင်းတွင် အလွန်ပင် ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။ မွေးရပ်မြေသို့ရောက်လျှင် ဧည့်ခံပါမည်ဟု အချင်းချင်း ကတိပြုကြပြီးနောက် လမ်းတစ်လမ်းစီ ခွဲခဲ့ကြသည်။
စောယွန်း၊ သုန္ဓ၊ နန္ဒ၊သီဟ၊ လှထွန်းနှင့် သုန္ဓတို့၏ ကိုယ်ရံတော်သုံးယောက်သည်လည်း အတူတကွပြန်လာခဲ့ကြသည်။ အင်းဝအလာလမ်းတွင် သူတို့နှင့်အတူလိုက်ပါလာခဲ့သည့် သူဌေးသားကမူ အင်းဝတွင် အကြောင်းကိစ္စပေါ်ခဲ့သဖြင့် သူတို့ထက်အရင် တစ်ရက်စောကာ ပြန်ခဲ့သည်။
စောယွန်းနှင့် သုန္ဓက မြင်းများကို ဘေးချင်းယှဉ်ကာ အနောက်တွင် ချန်၍ သွားနေကြသည်။
ကျန်လူများက သူတို့၏ အရှေ့မှ သွားနေကြပြီး အစေခံများမှအပ နန္ဒနှင့် သီဟကမူ အနောက်သို့ မကြာခဏလှည့်ကြည့်နေကြသည်။ တစ်ကြိမ်တွင် နန္ဒက လှည့်အကြည့် စောယွန်းက တစ်ခုခုပြောလိုက်ဟန်ရပြီး သူ၏ စကားကြောင့် သုန္ဓက နှစ်ခြိုက်စွာ ရယ်မောနေသည်။ ထိုစဉ် သီဟက ပြောသည်။"အကိုတော်က နောင်ကြီးစောယွန်းကို
အတော်လေး သဘောကျတာပ။"နန္ဒက သီဟကို မချိပြုံးပြုံးပြပြီး အရှေ့သို့ ပြန်လှည့်ကြည့်သည်။
"နောက်ဆို ကျွန်ုပ်တို့ထက် နောင်ကြီးစောယွန်းကို ပိုပြီး အရေးပေးရင် ဘယ့်နှယ်လုပ်မတုန်း ?"
သီဟက တခစ်ခစ်ရယ်လိုက်သည်။
"ညီအကိုနဲ့ မိတ်ဆွေက တူသလား အကိုတော်ရယ်၊ ပြီးတော့ နောင်ကြီးစောယွန်းက တကယ်ကို ဉာဏ်ထက်မြက်ပြီး အရည်အချင်းရှိတဲ့ လူပါ။ အရေးပေးတော့လည်း ပေးခံထိုက်ပါတယ်။"
နန္ဒက စုတ်တစ်ချက်သက်လိုက်သော်ငြား
ထိုစကားကို မငြင်းဆန်လိုပေ။ သူ့ထက်ငယ်သော သီဟပင် လူကြီးဆန်ဆန်တွေးတောတတ်ရကား နန္ဒက အနှီကလေးဆန်သည့် အတွေးများကို ခေါင်းထဲမှ ကန်ထုတ်ပစ်လိုက်သည်။စောယွန်းက မြင်းဇက်ကြိုးကို လက်တစ်ဖက်ဖြင့်သာ ကိုင်ထားသဖြင့် သုန္ဓက သတိပေးသည်။