[UNICODE]
ဆောင်းမကုန်သေးသော်ငြား ဥသြငှက်၏
လွမ်းမောဖွယ်အသံက သုန္ဓကို အိပ်ရာမှ နိုးသွားစေသည်။ သုန္ဓက မျက်လုံးများကို ဖွင့်လျက် နံဘေးတွင် တိတ်ဆိတ်ငြိမ်သက်စွာ အိပ်နေသည့် စောယွန်း ကို ကြည့်မိသည်။ နံနက်အစောမို့
အေးရောထင့်။ စောယွန်း၏ နားရွက်များနှင့် နှာခေါင်းထိပ်ဖျားက နီမြန်းနေသည်။ သုန္ဓက စောယွန်း၏ ကိုယ်ပေါ် သို့ စောင်ကို သေသေချာချာ ခြုံပေးလိုက်ပြီး စောယွန်း၏ လက်မောင်းရှိရာကို အကြည့်ရောက်သွားမိသည်။ထိုအဖြစ်အပျက်ဖြစ်ခဲ့သည်မှာ တစ်ပတ်ပင် ပြည့်ပြီဖြစ်သည်။ သုန္ဓနှင့်စောယွန်းတို့၏ ဒဏ်ရာများကလည်း တဖြည်းဖြည်းသက်သာလာပြီဖြစ်သည်။ သုန္ဓက အဆောင်တော်တွင် နားနေခွင့်ရသော်ငြား စောယွန်းကမူ အနောက်တိုင်းဧည့်သည့်များ၊သံတမန်များရောက်လာလျှင် လွှတ်တော်နှင့် အင်းဝပြည့်ရှင်အဖို့ စကားပြန်အဖြစ် တာဝန်ထမ်းဆောင်ရသေးသည်။
သို့သော် စောယွန်းက အလုပ်လုပ်နေရသည်ကိုပင် ကျေးဇူးတင်နေပုံရသည်။အမြဲတမ်း အဆောင်သို့ ပြန်လာလျှင် သုန္ဓကို သူကြားခဲ့ရ
သည့် အကြောင်းများကို လုံးစေ့ပတ်စေ့ ပျော်ရွှင်စွာ ရှင်းပြ၊ ပြောပြလေ့ရှိသည်။သုန္ဓက စောယွန်း၏ ပါးပြင်ပေါ် လက်ဝါးဖြင့် အုပ်ကိုင်လိုက်သည်။ စောယွန်းကမူ ပင်ပန်းနေခြင်းကြော င့်လောမသိ။ အိပ်မောကျနေဆဲဖြစ်သည်။
အပြင်ဘက်မှ ဥသြငှက်ငယ်၏ အသံက တဖြည်းဖြည်း တိုးညှင်းသွားသည်။ သုန္ဓက ပြတင်းပေါက်တံခါးအက်ကြောင်းရာမှ အခန်းတွင်းသို့ ကျလာသော မှိန်ဖျော့ဖျော့ အလင်းရောင်ကို ကြည့်မိသည်။ သည်ရက်ပိုင်းအတွင်း ထိုလုပ်ကြံမှုက သူ၏ ဦးနှောက်ကို စိုးမိုးထားသည်။ အဖြစ်နိုင်ဆုံးသော နောက်ကွယ်မှလူများကို သုန္ဓ အကြမ်းဖျဥ်း ခန့်မှန်းမိသည်။ သို့သော် နှုတ်မှ ထုတ်ပြောရန်မဆိုထားနှင့် တွေးဖို့ပင် မဝံ့ရဲပေ။
ဤရက်ပိုင်းက အလွန် အေးချမ်းလှသည်။ အေးချမ်းမှုကို မနှစ်မြို့ဟု သုန္ဓမဆိုလို။ ပင်လယ်ပြင်သည် မုန်တိုင်းမထန်မီ ငြိမ်သက်မြဲပေမို့---။