[UNICODE]
နန္ဒက မနက်စောစောစီးစီးပင် မယ်တော်ထံမှ အခေါ်လွှတ်သဖြင့် နန်းဆောင်ထဲမှ ထွက်လာခဲ့သည်။
"မင်းသား နန္ဒ အခစားဝင်ရောက်ကြောင်းပါ ။"
မြောက်နန်းမိဖုရားကြီးထံ သတင်းပို့သံ ဖြစ်သည်။ ချက်ချင်းပင် အထဲမှ ဝင်ခွင့်ပြုသည့် တုံ့ပြန်သံကြောင့် နန္ဒက အခန်းထဲသို့ ဝင်လာသည်။
"မယ်တော်ဘုရား သားတော် အခစားဝင်ရောက်ကြောင်းပါ။ "
နန္ဒက ကိုယ်ကို ရို့ကျိုးကာ နှုတ်ဆက်သည်။
မြောက်နန်းမိဖုရားကြီးက ပြုံးလျှက်ပင် စကားဆိုသည်။
"သားတော်၊ ထိုင်ပါလေ။"
နန္ဒက ထိုင်လိုက်ပြီး မြောက်နန်းမိဖုရားကြီးက စကားဆက်သည်။
"သားတော်ကို ပညာတော်သင်ခရီးကနေ ပြန်လာစဉ်ကတည်းက မတွေ့ရတာ အခုမှ မျက်နှာကို မြင်ရတာပ။"
"မှန်လှပါ မယ်ဖုရား၊ သားတော် ကြိုးစားသင်ယူခဲ့ကြောင်းပါ။"
မြောက်နန်းမိဖုရားက သူ၏ အရှေ့တွင် ချထားသည့် သေတ္တာထဲမှ ရတနာပစ္စည်းများနှင့် အဆင်တန်ဆာအချို့ကို လက်ဖြင့် မွှေနှောက်သည်။ လက်အမြောက်တွင် ရွှေဘယက်တစ်ခုက သူမ၏ လက်ညိုးတွင် ချိတ်လျက်သား ပါလာပြီး သူက စိတ်ပျက်သည့်အမူအရာနှင့် ရွှေဘယက်ကို သေတ္တာတွင်းသို့ ခါချလိုက်သည်။
"ရှေ့လျှောက် ဘာလုပ်မယ်လို့ တွေးထားသလဲ သားတော်။"
နန္ဒက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်ငြား ချက်ချင်း ပြန်လည် ပြုံးလျက် လျှောက်တင်သည်။
" တိုင်းရေးပြည်ရာကိစ္စတွေမှာ သားတော် တတ်စွမ်းသမျှ ကူညီ-- "
"မင်းရဲ့ အသိပညာ အတတ်ပညာတွေကို အင်းဝမှာ အသုံးချနိုင်မယ်လို့ ထင်နေသလား နန္ဒ။"
သူ၏ စကားကို ဖြတ်ပြောလိုက်သော မြောက်နန်းမိဖုရား၏ အသံက ပုံမှန်ကဲ့သို့ နူးညံ့မှုမရှိသဖြင့် နန္ဒက တံတွေးမြိုချမိလိုက်သည်။ မြောက်နန်းမိဖုရားက ဒေါသတကြီး သေတ္တာအဖုံးကို ဆောင့်ပိတ်ကာ ဆိုသည်။
![](https://img.wattpad.com/cover/243962522-288-k477466.jpg)