09

9.3K 809 46
                                    

[Zawgyi]

တဖြူးဖြူးတိုက်ခတ်နေသည့် လေအေးအေးတွေက Rey ရဲ့ မျက်နှာနုနုကို ကျီစယ်လာသည်။ မျက်လုံးတွေကို မှိတ်ထားရင်း လတ်လတ်ဆတ်ဆတ် လေအေးအေးတွေကို အားရပါးရ ရှူသွင်းလိုက်တော့ Rey ရဲ့ နှာခေါင်းတစ်လျှောက်ကထုံကျင်ကာ စပ်ဖျင်းဖျင်းဖြစ်သွားသေးသည်။

" ပြောပါဦး ... ဒီဘုရားကို ချစ်သူတွေလာရင် ကွဲရတယ်ဆိုတဲ့စကားက ဘယ်ကကြားလာပြန်တာလဲ "

" ဟင် ~ အဲ့တာကလေ ... အဲ့တာက ကိုယ်ဒီတိုင်း တစ်နေရာရာမှာ ဖတ်မိတာလေးပါ ... မေ့နေပေမယ့် ဒီအကြောင်းသတိရသွားလို့ "

ရှင်းကိုမကြည့်ပဲ မျက်လုံးအိမ်တွေထဲက မျက်ဆံပြာပြာလေးတွေက ဂဏာမငြိမ်ဘယ်ညာပြေးကပ်ကာ လက်နှစ်ဖက်ကို လိမ်ကျစ်နေသည့် Reyဆက်လျှံက လိမ်နေမှန်း သိပ်သိသာသည်။ ဒါပေမယ့် အရေးတယူလုပ်ပြီး မေးမြန်းဖြေရှင်းရမယ့် ကိစ္စမဟုတ်တာကြောင့် ရှင်းသော်ခလည်း မသိချင်ယောင်ဆောင်နေလိုက်သည်။ 

" ခင်ဗျားကကလေးလား ဆိုတဲ့စကားကို ကျွန်တော်မေးရလွန်းလို့ မောနေပြီ Reyဆက်လျှံ ... ဘယ်သူပြောမှန်းမသိ ... ဘာမှန်းမသိတဲ့ စကားတွေကိုလည်း ယုံနေတာပဲလား "

" မတော်တဆ ... "

" မတော်တဆဆိုတာ လူတွေသတိမမူလို့ ဖြစ်တဲ့ကိစ္စတွေပဲဆိုတာ ခင်ဗျားသိလား ... ကံဆိုရင်တောင် လူကဖန်တီးထားတာ ... သူတို့ဘာသာ သစ္စာမရှိတာဖြစ်ဖြစ် အကြောင်းအရင်းတစ်ခုခုကြောင့် ပြတ်စဲသွားရတဲ့ ဇာတ်လမ်းတွေထဲ ဘုရားကိုပုံချလိုက်တာက နှစ်ဖက်လုံးအပြစ်ကင်းတဲ့သဘောပေါ့ "

Rey ကို မကြည့်ပဲ ပတ်ပတ်လည်မှာ ကာရံထားသည့် လက်ရန်းပေါ်ကို တံတောင်ဆစ်ထောက်ထားသည့် ရှင်းက အဝေးကိုမျှော်ငေးနေသည်။ စကားပြောနေသည့် ရှင်းရဲ့လေသံက ကလေးတစ်ယောက် နားလည်အောင် ဆုံးမနေသလို အေးအေးဆေးဆေးနိုင်လှသည်။ လေတိုက်သံတဟူးဟူးကြောင့် စကားသံတွေကို ပုံမှန်အသံထက် တိုးလျစွာကြားနေရပေမယ့် ဘာပြောနေတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း ကြားနေရသည်။

" နည်းနည်းပါးပါးလည်း ရင့်ကျက်စမ်းပါ ... တစ်ခါတလေ ခင်ဗျားကိုကြည့်ရတာ မစဉ်းစားမတွေးခေါ်တတ်တဲ့ ကလေးလိုပဲ အားမရလိုက်တာ ... ကုမ္ပဏီတစ်ခုလုံးကို ဒီလိုကလေးစိတ်နဲ့ ဘယ်လိုများအုပ်ချုပ်နေတာလဲ "

𝑴𝒚 𝑹𝒆𝒚 [Completed]Donde viven las historias. Descúbrelo ahora