Zawgyi
ဝမ်တိုင်းပြည်နှင့် ရှောင်းတိုင်းပြည်တို့သည် အပြိုင်အဆိုင် ဖွံ့ဖြိုးတိုးတက်လျက် ရှိနေသော တိုင်းပြည်များဖြစ်ကြသည်။
စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စာပေနှင့် ဂီတအနုပညာပါမကျန် အပြိုင် ဖွံ့ဖြိုးတိုးတက်နေကြသော တိုင်းပြည် နှစ်ခုဖြစ်လေ၏။ သို့သော် မဟာမိတ်လည်းမဟုတ် ရန်သူလည်းမဟုတ်သော ဆက်ဆံရေးရှိကြသည်။လက်ရှိ ဝမ်တိုင်းပြည်ကို အုပ်ချုပ်နေသူမှာ ဘုရင်မတစ်ဦး ဖြစ်လေသည်။ သူမ၏ ကြင်ရာတော်ဖြစ်သူ နတ်ရွာစံသွားခဲ့သည်မှာ ဝမ်ရိပေါ်လေး ရှစ်နှစ်သားကတည်းပင် ဖြစ်လေသည်။
ဝမ်ဘုရင်မကြီးတွင် သားသမီး သုံးယောက်ရှိလေ၏။ အကြီးဆုံးမှာ သခင်မလေး ဝမ်ရိလင် ဖြစ်သည်။ ဒုတိယအကြီးဆုံးမှာ သခင်မလေး ဝမ်ရိချင်ဖြစ်ပြီး အငယ်ဆုံးလေးမှာ သခင်လေး ဝမ်ရိပေါ် ဖြစ်လေသည်။ သုံးဦးစလုံးမှာ နှစ်နှစ်ကြီး နှစ်နှစ်ငယ်များ ဖြစ်ကြသည်။
------------------
------------------
ဝမ်ရိလင်သိုင်းပညာတွင် တတ်သင့်သလောက် တတ်ကျွမ်းပြီး မောင်နှမ သုံးဦးအနက် စာပေပညာတွင် အထူးချွန်ဆုံး ကလေးဖြစ်လေသည်။ ဆေးပညာကို တတ်ကျွမ်းသော်လည်း သူမ၏ လမ်းမလျှောက်နိုင်သော ခြေထောက်များကိုမူ အရှင်း ပျောက်ကင်းအောင် မကုသနိုင်ပေ။
သူမသည် ယခင်က လူကောင်း ပကတိ တစ်ဦးဖြစ်သည်။ သက်တော် ဆယ့်နှစ်နှစ်အရွယ်တွင် မတော်တဆမှု တစ်ခုကြောင့် သူမ၏ ခြေထောက်များ လမ်းမလျှောက်နိုင်တော့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ သူမသည် အပြင်လောကသို့ သိပ်မထွက်တော့ဘဲ သူမ၏ အိမ်တော်၌သာ စာဖတ်ခြင်း၊ စာရေးခြင်းများဖြင့် အချိန်ကုန်လေ့ရှိနေလေတော့သည်။
------------------
------------------
ဝမ်ရိချင်မောင်နှမ သုံးဦးအနက် သိုင်းပညာ အထူးချွန်ဆုံးသူ ဖြစ်ပြီး သိုင်းပညာ ကျွမ်းကျင်အဆင့် ဆယ်ယောက်တွင် ပထမအဆင့် အမြဲတမ်း ဗိုလ်စွဲသူဖြစ်လေသည်။ ယခုအချိန်တွင် သူမသည် ဝမ်တိုင်းပြည်ကြီး၏ အားကိုးအားထားရာ စစ်သူကြီး တစ်ဦးဖြစ်လေသည်။ ဝမ်ဘုရင်မကြီး အားကိုးရသောသူ တစ်ဦးလည်း ဖြစ်၏။