Zawgyi
အားလားလား... တော်တော်နာတယ်ဟ။ ဟိုတစ်ယောက် မေးမှာစိုးလို့သာ မြန်မြန်လှဲချလိုက်ရတာ။ တော်တော်တော့ မဟန်ဘူး။ ပြီးတော့ ပိုပြီးပီပြင်သွားအောင် မေ့ချင်ယောင်လည်း ဆောင်ရသေးတယ်။ ကိုယ့်ကို တကယ်ကြီး သတိမေ့နေတယ်ထင်နေတဲ့ ရိရှန်းရဲ့ ငိုသံကိုလည်း နားထောင်လိုက်ရသေးတယ်။ အဲ့ဒီကောင်မလေးကလေ သူ့သခင် တစ်ခုခုဖြစ်တာနဲ့ ငိုနေတော့တာပဲ။ သူ့ကို အငိုသန်တစ်ယောက်အဖြစ် ရေးခဲ့တဲ့ ငါ့ကိုငါပဲ အပြစ်တင်ရတော့မှာပဲ။
အဲဒီအထိက နည်းနည်းအဆင်ပြေနေသေးတယ်။ ရှောင်းမင်းသားလည်း သူ့ကိုလာပွေ့ချီရော အလိမ်မပေါ်အောင် ခေါင်းကိုလှန်ထားလိုက်ရတာ ဇက်တွေတောင် ညောင်းတယ်။ ညောင်စောင်း ပေါ်ရောက်မှပဲ အဆင်ပြေတော့တယ်။
ရှောင်းမင်းသားရဲ့ " သေရည်တွေကို သွန်လိုက်တော့" ဆိုတဲ့စကားလည်း ကြားရောရင်ထဲက အပူလုံးကြီးတောင် ကျသွားတယ်။ ဒီညအတွက် သေရမည့်ဘေးကနေ ဝေးသွားပြီလေ။ ဒါပေမဲ့ မကြာပါဘူး။ " နောက်မှ နည်းလမ်းထပ်ရှာမယ်"လည်းဆိုရော အပူလုံးကြီးက ပြန်တက်လာတယ်လို့တောင် ထင်ရတယ်။
အိပ်ချင်ယောင်ဆောင်နေရတာ တော်တော်ခက်တာပဲ။ ဝေ့...ဝေ့...ရှောင်းမင်းသား မင်းလက်က ငါ့နဖူးကို ဘာလို့လာထိတာလဲဟ။ မျက်မှောင်ကျုံ့မိလိုက်တယ် ထင်တယ်။ ငါမအိပ်သေးတာသိသွားပြီလားမသိဘူး။
နောက်ဆုံး၌ အတွေးရေယာဉ်ကြောတွင် နစ်မြောရင်း တဖြည်းဖြည်း အိပ်ပျော်သွားလေသည်။
-----------------
မနက်ခင်း နိုးထလာချိန်၌ ဝမ်ရိပေါ်တစ်ယောက် လန်းဆန်းနေသည်။ အိပ်ရေးဝလို ထင်ပါရဲ့။ ပုံမှန်ဆိုရင် စာရေးတဲ့အလုပ်ကြောင့် အိပ်ချိန်မမှန်သည်က များသည်။ဝမ်ရိပေါ် အိပ်ဆောင်ထဲမှ ထွက်လာချိန်တွင် ပတ်ဝန်းကျင်က တိတ်ဆိတ်ရှင်းလင်းနေသည်။ ရှောင်းမင်းသားနှင့် သူ့ရဲ့ကိုယ်ရံတော်တို့ကိုလည်း မတွေ့ပေ။ ထိုအချိန် ရိရှန်းက သူ၏နံဘေးသို့ရောက်လာကာ အရိုအသေပေးလေသည်။
"သခင်လေး နိုးလာပြီလား။"
"အင်း.....။ ဒါနဲ့ ရှောင်းမင်းသားနဲ့ သူ့ကိုယ်ရံတော်ရော။ အပြင်သွားနေကြတာလား။"