ခပ်လေးလေးခြေလှမ်းတွေနဲ့ ရိပေါ်ရဲ့ အိမ်အပြင်ထွက်လာရခြင်းအကြာင်းပြချက်က ရှုပ်ထွေးနေတဲ့စိတ်တို့ကို အနည်းငယ် ပြေလျော့စေဖို့သာဖြစ်တယ်။ ပတ်ဝန်းကျင်တစ်ခွင်က တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိတယ်။
အိမ်ထဲမှာကျန်ခဲ့တဲ့ ရှောင်ကျန့်ကတော့ စာကြည့်ခန်းရဲ့စားပွဲမှာ ဆောင်းပါးဘာသာပြန်ခြင်းအလုပ်ကို လက်စသတ်ဖို့ရှိနေလိမ့်မယ်။ ရှောင်ကျန့်ရဲ့အလုပ်တွေ အကုန်ပြီးသွားတဲ့အခါ ဒီ New Hope မြို့အနှံ့အတူလျှောက်လည်ကြမယ်လို့ ရိပေါ်တွေးနေတယ်။
အခုရိပေါ်ရောက်နေတဲ့ ခြံဝန်းက ခြောက်ကပ်သေဆုံးနေတဲ့ သစ်ရွက်တွေနဲ့ပြည့်နေတဲ့အတွက် သူခြေတစ်လှမ်းလှမ်းလိုက်တိုင်း နင်းမိတဲ့သစ်ရွက်ခြောက်တွေရဲ့ အသံကိုကြားရတယ်။ တွေးကြည့်လိုက်တော့ ရှန်နဲ့သူရှိဖူးခဲ့တဲ့ ခြံဝန်းပုံစံနဲ့ အတော်လေးကိုကွာခြားကြောင်း မြင်ယောင်မိသေးတယ်။
ရိပေါ် အိမ်ရဲ့ဘေးဘက်လမ်းဆီဆက်လျှောက်လာတော့ အမျိုးသမီးတစ်ယောက်ကိုတွေ့တယ်။အတိအကျပြောရရင် အသက် ၆၀ ကျော်လောက်အသက်အရွယ်ရှိတဲ့ အင်္ဂလိပ်အမျိုးသမီး နောက်ပြီး သူမရဲ့လက်နှစ်ဖက်စလုံးမှာ သယ်လာတဲ့ အိတ်တွေကအတော်မှများတယ်။
တွေ့တွေ့ချင်း အဲ့ဒီအမျိုးသမီးဆီခပ်သွက်သွက်သွားလိုက်ပြီး ရိပေါ် အိတ်တွေကိုကူသယ်ပေးမယ်လို့ပြောတော့ အမျိုးသမီးက ချက်ချင်းကျေးဇူးတင်စကားပြောလာတယ်။
သူမက အိမ်ရဲ့မြေအောက်ထပ်မှာနေထိုင်သူဖြစ်တယ်။ မြေအောက်ထပ်ဆီဆင်းတဲ့လှေကားထစ်တွေကို ဆင်းရင်း သူမက ဈေးဝယ်စင်တာမှာ ပစ္စည်းတွေ ဒစ်စကောင့်ချနေတာမို့ အများကြီးဝယ်လာမိကြောင်း ရိပေါ်ကိုပြောပြတယ်။
" ကျေးဇူးတင်ပါတယ် ကောင်လေး အိမ်ထဲဝင်ပါဦး "
လှေကားအဆုံးက တံခါးဝမှာ အထုတ်တွေချပေးပြီးနောက် ပြန်ဖို့လုပ်တဲ့ ရိပေါ်ကို အဲ့ဒီအမျိုးသမီးက ဆွဲထားတယ်။ ရိပေါ်ကငြင်းပေမယ့် တစ်ဖက်ကသူမက ဘယ်လိုမှအလျော့မပေး။
မြေအောက်ထပ်ဖြစ်တာမို့ အတွင်းပိုင်းက မှောင်တယ်။ အခန်းထောင့်တွေဆီမှာ အမွှေးဖယောင်းတချို့နဲ့ မီးအိမ်တွေထွန်းထားတယ်။