နှောင်ကြိုး (Part - 3)

2.8K 209 6
                                    

(Unicode)

မတ်၊ ဧပြီ၊ မေ... စတဲ့ နွေရာသီကျောင်းသုံးလ ပိတ်ရက်မှာတော့ ကျောင်းသူ/ ကျောင်းသားတွေဟာ ဝါသနာကိုယ်စီဖြင့် ကိုယ်နှစ်သက်ရာ သင်တန်းအချို့ကို တက်ရောက်ကြသည်။ အငယ်တန်းကလေးတွေကိုတော့ ယဥ်ကျေးလိမ္မာစေရန် အလို့ငှာ မိဘများက ဓမ္မစကူးလ် ဗုဒ္ဓဘာသာယဥ်ကျေးမူသင်တန်းကျောင်းသို့ ပို့ကြသည်။ လိမ္မာယဥ်ကျေးအောင် သင်တန်းပို့ပါမှ တစ်ချို့ကလေးတွေကတော့ ကျောင်းတက်ရင်း အချင်းချင်း ဆဲဆိုနေကြသေးသည့်အဖြစ်ပင်...။ အလယ်တန်းနှင့် အထက်တန်း ကလေးအချို့ကတော့ ပန်းချီသင်တန်း၊ ရေကူးသင်တန်း၊ နွေရာသီ Grammar သီးသန့်သင်တန်း.. စသည်ဖြင့် သင်တန်းတွေ တက်သူကတက်၊ တစ်ချို့ကတော့ ဘိုးဘွားတို့ရဲ့ မွေးရပ်မြေသို့ အလည်တစ်ခေါက် ခရီးထွက်ကြသည်။ ပညာရေးလောဘကြီးသူ အချို့ကတော့ လာမည့်စာသင်နှစ်အတွက် ကျူရှင်တွေ ကြိုတက်၊ စာတွေကြိုကျက်နေကြသည်။ သွယ်သွယ်ဖြူတစ်ယောက်သည်လည်း လာမယ့်(၉)တန်းနှစ်အတွက် ကျူရှင်တွေတက်ကာ စာတွေကျက်မှတ်နေသော်လည်း ခြူးဝေခက်ဆိုသည့် ချာတိတ်လေးကတော့ လေးခွတစ်လက်ကိုင်ကာ လောက်စာလုံးများကို (ရွှံ့စေးဖြင့် လုံးလုံးသေးသေး ​ပြုလုပ်ထားသည့် ရွှံ့စေးလုံးများ) လွယ်အိတ်လေးထဲတွင်ထည့်ကာ ရွာထဲမှ ကလေးတစ်သိုက်နှင့် ငှက်လိုက်ပစ်နေသည်။ ဤသည်ကား သူတို့နှစ်ယောက်ကြားမှ မတူညီတဲ့ အချက်ကလေးတွေပင် ဖြစ်နေပေလိမ့်မည်။

ရော်ရွက်ဝါတို့အစား အစိမ်းရောင် ရွက်နုသစ်ကလေးတွေ ပြန်လည်အစားထိုး ဝင်ရောက်လာသကဲ့သို့ နွေရာသီကျောင်းပိတ်ရက်တို့လည်း ကုန်လွန်ကာ ကျောင်းအပ်နှံရေးသီတင်းပတ်ရာသီသို့ တစ်ဖန်ပြန်ရောက်လာခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံမှာကား သားသမီးတွေ ဘယ်သွားသွား ဘာလုပ်လုပ် စိတ်မချတတ်သည့် စိတ်အစွဲရှိတာကြောင့် သားသမီးတွေရဲ့ ဘယ်ကိစ္စမဆို မိဘတွေ ဝင်ပါတတ်ကြသည်။ အခုလည်း သွယ်သွယ်ဖြူတစ်ယောက် ကျောင်းအပ်ရက် ပထမဆုံးနေ့မှာပဲ အမေဖြစ်သူနှင့် ရောက်လာခဲ့သည်။ ကျောင်းဝင်းထဲရောက်ကတည်းက ကျောင်းအပ်ရမည်ကို စိတ်မရောက်ဘဲ သုံးလလုံးမတွေ့ဖြစ်သည့် သူငယ်ချင်းကို ရှာရန်အတွက်သာ နေရာစုံဆီသို့ မျက်စိကစားနေမိသည်။ (၈)တန်းမှာတုန်းက ဇီဝနှင့်ဘောဂတွဲတွင် ဘယ်ဘာသာတွဲကိုယူမည်ဟု တိုင်တိုင်ပင်ပင် မရှိခဲ့သည်မို့ သူနဲ့တွေ့ရင် 'မင်း ဇီဝနဲ့ဘောဂ ဘယ်ဟာယူမှာလဲ' ဆိုပြီး မေးကာ သူယူသည့် ဘာသာရပ်ကို လိုက်ယူမည်ဟု စဥ်းစားထားပေသည်။ သို့ပေမယ့် ကျောင်းအပ်ပြီးသည့်တိုင်အောင် သူနဲ့တူသည့် အရိပ်ယောင်လေးတောင် မတွေ့ရသည်မို့ ကျောင်းပြောင်းသွားတာလား..၊ နောက်ကျမှကျောင်းအပ်ပြီး ဘောဂတွဲယူလိုက်လို့ ငါနဲ့အခန်းမတူတော့ရင် ဒုက္ခပဲ... ဆိုပြီး သို့လော သို့လော အတွေးများဖြင့် သွယ်သွယ်ဖြူတစ်ယောက် စိတ်ဂဏှာမငြိမ်ဖြစ်နေရသည်။ ထို့နောက်မှာတော့ သစ်ပင်အောက်က ကွပ်ပျစ်လေးတွင် ခဏထိုင်နေရာမှ မိခင်ဖြစ်သူ၏ ခေါ်သံကြောင့် အ​မြန်ထလိုက်သွားရင်း အတွေးများ ပျောက်ပျက်သွားရတော့သည်။

နှောင်ကြိုးWhere stories live. Discover now