နှောင်ကြိုး (Part - 27)

3.1K 202 14
                                    

(Unicode)

အင်ဂျင်နီယာ အများပြားရှိသော ရုံးခန်းတစ်ခုဝယ် အားလုံးမှာ ကိုယ့်အလုပ်စားပွဲပေါ်မှာတင် ကွန်ပျူတာတစ်လုံးနှင့် အလုပ်ရှုပ်နေကြသည်။ တစ်ချို့ အိမ်ပြန်သွားသည့် လူတစ်ချို့မှာလည်း နှစ်ဆန်းနှစ်ရက်နေ့ရဲ့ ညနေ ၂နာရီကျော်သည့်တိုင်အောင် ရောက်မလာကြသေးပေ။ တာဝန်ခံဦးတင့်ဆီကိုတော့ အကြောင်းပြချက် အမျိုးမျိုးပြကာ ဆင်ခြေပေးထားကြမှာအမှန်ပင်။

ခြူးဝေခက်တစ်ယောက်သည်လည်း Site အကုန်လုံးကို တစ်လှည့်စီ စစ်ဆေးနေရတာကြောင့် အားသည်ဟူ၍မရှိပေ။ မျက်လုံးတစ်စုံသည်လည်း မော်နီတာတစ်ခုထဲဆီသို့သာ အကြည့်ရောက်နေသည်။ 'အင်း ခဏနေရင်တော့ Site C ဘက် သွားကြည့်ဦးမှရမယ်.. ဟိုနေ့ကလည်း မသွားဖြစ်လိုက်ဘူး..' ထိုသို့ တစ်ယောက်ထဲ စကားပြောနေတုန်းမှာပဲ သွယ်ဖြူမှာ ကော်ဖီဗူးနှင့် ယိုသုတ်ထားသော ပေါင်မုန့်လေးအား ကိုင်ထားရင်း အနားနားသို့ ရောက်လာသည်။

"ခြူး.. နင့်အတွက် ကော်ဖီနဲ့မုန့်.."

"သြော် အေး..
စားပွဲပေါ်ပဲ တင်ထားလိုက်လေ..
ဒီမှာ ငါမအားသေးလို့.."

ကွန်ပျူတာမှ အကြည့်မခွာပဲ ပြောလိုက်သည်။ ထိုအခါ သွယ်ဖြူမှ...

"နင့်အလုပ်တွေ ခဏထားပါဦး..
ဒီမှာ ကော်ဖီတွေ အေးကုန်လိမ့်မယ်.. အရင်သောက်လိုက်.."

"ကော်ဖီက အေးသွားလည်း သောက်လို့ရ​သေးတယ်.. အလုပ်ကတော့ မရဘူးဟေ့.. နင်လည်း အလုပ် လုပ်စရာမရှိဘူးလား.. သွားလုပ်တော့လေ.."

"အေးပါ ခြူးရယ်..
နင်နှင်မထုတ်လည်း သွားမှာပါ.."

ထိုသို့ပြောပြီး သွယ်ဖြူ လှည့်ပြန်မယ်အလုပ်တွင် ရုတ်တရက် အကြည့်တို့က Keyboard ပေါ်တွင် နေရာယူထားသည့် ခြူးရဲ့ လက်ဆီသို့ ရောက်သွားသည်။

"ဟင်.. မနေ့က ပရင်းလက်ပတ်လေးရော် ခြူး.. ဘယ်ရောက်သွားတာလဲ.. ပတ်မထားဘူးလား.."

"အင်း.. ဘယ်ရောက်လို့ ရောက်​နေမှန်းကို မသိဘူး.."

အမှန်က ရေချိုးရင် ကြိုးလေးတွေ ရေစိုသွားသည့်အခါ အစိုဓာတ်နှင့် ပတ်၍မကောင်းမှာကြောင့် ခဏချွတ်ထားခြင်းပင်။ သို့ပေမယ့် နေ့လယ်က လောလောနှင့် ထွက်လာရတော့ ထိုလက်ပတ်လေးက စားပွဲပေါ်တွင် ကျန်ရစ်ခဲ့ရသည်။ အခုတော့ အလုပ်များနေတာကြောင့် ထိုသို့ ပြန်ရှင်းပြနေရန် အချိန်မရှိတာကြောင့် ခတ်ပြတ်ပြတ်သာ ပြောလိုက်သည်။

နှောင်ကြိုးWhere stories live. Discover now