နှောင်ကြိုး (Part - 18)

2K 179 5
                                    

(Unicode)

လူတစ်ယောက်ကို မေ့ဖို့ကြိုးစားရင်း တစ်ယောက်ထဲ တကုတ်ကုတ်နဲ့ပဲ နေလာလိုက်တာ အချိန်၂နှစ်တာမျှ ကုန်ဆုံးသွားခဲ့သည်။ ဒီကြားထဲမှာ သူ့ဆီသို့ မဆက်သွယ်ခဲ့သလို သူမဆီမှလည်း အဆက်သွယ်လုပ်မလာခဲ့ပါ။ တွေ့ဖို့ရာလည်း အကြောင်းရင်းမရှိတာမို့ အရိပ်ကလေးမျှတောင် ယောင်လို့မတွေ့​​ဖြစ်ခဲ့ကြပေ။ ၂နှစ်ဆိုတဲ့ အချိန်တစ်ခုဟာ ခံစားချက်တစ်ချို့တို့ အနည်ထိုင်စေလောက်တဲ့ အချိန်အတိုင်းတာ တစ်ခုပေပင်။ အကယ်၍ တစ်စုံတစ်ခု ထပ်မံ ဝင်ရောက်နှောက်ယှက် လာခဲ့ဦးမယ်ဆိုရင်တော့ အနည်ပြန်ထတတ်တဲ့ သဘောရှိသည်မဟုတ်ပေလော..။

ခြူးဝေခက်မှာ အခုမှ ကျောင်းပြီးသွားတယ် ဆိုပေမယ့် အဖူးတစ်ယောက်ကတော့ ရွှန်းလတ်နွယ်ရဲ့ အဆက်သွယ်နဲ့ပဲ လုပ်ငန်းခွင်သို့ ဝင်ရောက်နေပြီဖြစ်သည်။ ရွှန်းလတ်နဲ့ အဖူးကတော့ Company တစ်ခုထဲမှာပဲ အလုပ်အတူလုပ်ရသည်မို့ ပို၍အဆင်ပြေနေခဲ့ကြသည်။ တခါတလေတော့ သာကြောင်းမာကြောင်းမေးရင်း သုံးယောက်သား ဆုံဖြစ်ကြပါသေးသည်။ ထိုအခါမျိုးဆိုရင် မရွှန်းလတ်ပြောတတ်သည့် စကားလေးတစ်ခွန်းကို သတိရပါသေးသည်။ 'ငါက လေးယောက်သား စုံစုံလင်လင်လေး Date ချင်သေးတာဟ.. အခုတော့ ငါတို့အတွဲက နင်နဲ့Dateလိုက် ဟိုတစ်ယောက်နဲ့ သွားDate လိုက်ရနဲ့'... ထိုသို့ပြောလိုက်တဲ့ အချိန်တိုင်းဆို ခြူးမှာ မသိိမသာလေး စိတ်ဆိုးရပါသေးသည်။ တကယ်ဆို သူနဲ့ပက်သက်ပြီး ဘာတစ်ခုကိုမှ မကြားချင်ခဲ့တာပင်။ ဒီကြားထဲ မရွှန်းလတ်ရဲ့ အလိုက်မသိစွာ ပြောတတ်တဲ့ အကျင့်လေးကြောင့် သွယ်ဖြူတစ်ယောက် ရန်ကုန်မှာရှိနေကြောင်း သိလိုက်ရပါသေးသည်။ နှစ်ယောက်အတူ ကျောင်းပြီးတော့ လိုအပ်တဲ့ သင်တန်းတွေထပ်တက်လိုက်ကြပြီး အလုပ်ဝင်လျှောက်တော့ သွယ်ဖြူသာ နေရာရလိုက်ပြီး မရွှန်းလတ်ကတော့ အလုပ်မရခဲ့။ ဒါ့ကြောင့် မရွှန်းလတ်မှာ တစ်ခြားCompanyတွင် ထပ်လျှောက်ရင်း အလုပ်ကွဲသွားခဲ့သည်။ နောက်တော့ သွယ်ဖြူ့ရဲ့အလုပ်မှ စေလွှတ်ချက်ကြောင့် သွယ်ဖြူတစ်ယောက် ရန်ကုန်ရောက်သွားခဲ့သည်။ သွယ်ဖြူနဲ့ပက်သက်ပြီး ခြူးသိထားသလောက်က ထိုမျှသာ..။ ရွှန်းလတ်ကိုတော့ ကိုယ့်အကြောင်း သူ့ဆီဖောက်သည်ချထားလေသလားတော့ မေးမကြည့်ဖြစ်ခဲ့ပါ။ ပြောရင်လည်း ပြောပြထားနိုင်သည်။ သို့မဟုတ် သူလည်း ကိုယ့်အကြောင်းပြောရင် ငြင်းဆန်နေဦးမလား မသိနိုင်ပေ။
🔰🔰🔰

နှောင်ကြိုးWhere stories live. Discover now