- 2 -

13.3K 1.3K 209
                                    

အဲ့ဒီ့နောက်ပိုင်းကစပြီး ရှောင်းကျန့်ဟာ သူ့အပေါ်ကကုတင်ပေါ် တူညီတဲ့အိပ်ယာခင်းကို သပ်သပ်ရပ်ရပ် ခင်းထားလိုက်တော့တယ်။

ဝမ်ရိပေါ်က စီချွမ်း-တိဘက် ကားလိုင်းမှာ မောင်းနှင်ချိန် ပိုပိုရလာခဲ့တယ်။ တခါတလေ ယန်အန်းကို ည မိုးချုပ်တဲ့ထိ မောင်းသွားတတ်ပြီး တခါတလေမှာတော့ ယန်အန်းကို ညလယ်သန်းခေါင်ကျော်ချိန်တွေ ရောက်တတ်တယ်။ ရှောင်းကျန့်ကတော့ အမြဲတမ်း သူ့အတွက် တခုခု စားဖို့ လုပ်ပေးတတ်ပြီး ရေနွေးကြမ်းပူပူတခွက်ကို ပြင်ထားပေးလေ့ရှိတယ်။

ရှောင်းကျန့်ရဲ့ လုပ်ဖော်ကိုင်ဖက်တချို့က မေးလာတယ်။ ဒီလိုချောတဲ့ညီလေးတစ်ယောက် ဘယ်က ရောက်လာတာလဲတဲ့။ ရှောင်းကျန့်က ပြုံးပြပြီး ဖြေလိုက်တယ်။ သူ ချုံချင်းမှာ ကျောင်းတက်တုန်းက ဂျူနီယာလေးပါဆိုပြီး။ အဲ့လို ခဏခဏ လာလိုက် သွားလိုက်လုပ်နေတာမို့ ဝမ်ရိပေါ်လည်း ရှောင်းကျန့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးလာတယ်။

ရှောင်းကျန့်က ဝတ္ထုဖတ်ရတာကြိုက်တယ်။ အထူးသဖြင့် ရှန်းကုန်းဝမ်ရဲ့ ဝတ္ထုတွေ။ ဝမ်ရိပေါ်ကတော့ တခါမှ စာမဖတ်ခဲ့ဘူး။ ဒါပေမယ့် အလုပ်ပြီးလို့ အားရက်ရတာနဲ့ ရှင်ဟွာစာအုပ်ဆိုင်ပြေးပြီး စာအုပ်တွေ ဝယ်တော့တာပဲ။ သူ့အဆောင်ခန်းထဲမှာ စာအုပ်တွေ ပုံနေတယ်။ ရှောင်းကျန့်နဲ့ နောက်တခေါက် တွေ့ရင် ပေးဖို့ စောင့်နေတာဖြစ်တယ်။

သူ့စီနီယာအစ်ကိုတွေက သူ့ကို ဝိုင်း စတယ်။ ပထမဆု လိုချင်လို့လားဆိုပြီး။ စာအုပ်တွေ ဝယ်ပြီး ဘာလို့ စားပွဲပေါ် ဒီအတိုင်း တင်ထားတာလဲတဲ့။

ဝမ်ရိပေါ်က သူတို့ကို ပြန်မဖြေဘူး။ သူ့စိတ်ထဲ တွေးကြည့်တယ်။ ကောကျင့်လည်း သူရဲကောင်းဝုမုရဲ့ သေတမ်းစာကို ဖတ်ခဲ့တာပဲ။ ပြီးတော့ ထပ်တွေးသေးတယ်။ ကောကျင့်က ဟွမ်ရုံရဲ့ သင်ကြားမှုအောက်မှာ စာဖတ်တတ်ပြီး ဝုမုရဲ့ သေတမ်းစာကို ဖတ်နိုင်ခဲ့တာ။ အကယ်၍များ ရှောင်းကျန့်ကသာ သူ့ကို စာပြပေးရင် သူလည်း ကောင်းကောင်းနားလည်နိုင်မှာပဲလို့ပေါ့။

သူ့ဆရာက သူ့ကို ခဏခဏ တိတ်တိတ်လေးခေါ်မေးတယ်။ ရှောင်းကျန့်ကို သဘောကျနေတာလားဆိုပြီး။ ဝမ်ရိပေါ်က ခေါင်းခါပြပြီး သူက အဖြောင့်ပါလို့ ပြောလိုက်တဲ့နောက် ဆရာက ထပ်မမေးတော့ဘူး။ သူ့ပခုံးကို ဖွဖွပုတ်ပြီး ပြောခဲ့တယ်။

1992 ||Completed||Where stories live. Discover now