ရှောင်းကျန့်ကို အောက်တိုဘာ ၅ ရက်၊ ၁၉၆၆ ခုနှစ်၊ စီချွမ်းပြည်နယ်ရဲ့ ယန်အန်းမှာ မွေးခဲ့တယ်။
ဝမ်ရိပေါ်ကို ဩဂုတ် ၅ ရက်၊ ၁၉၇၂ ခုနှစ်၊ ဟဲနန်ရဲ့ တောရွာလေးတရွာမှာ မွေးခဲ့တယ်။
*
စီချွမ်းပြည်နယ်၊ ချုံချင်းရဲ့ ကောင်းကင်က နေဝင်ခါနီး တောက်နေတဲ့ တိမ်တွေနဲ့အတူ နီစွေးနေတယ်။ ရှောင်းကျန့်ဟာ ကြမ်းပေါ်မှာ ခါးကိုမတ်မတ်ထားရင်း ဒူးထောက်ထားတယ်။ သူ့ရဲ့ ပိန်သွယ်တဲ့ခန္ဓာကိုယ်ဟာ မြေပေါ်ကို လဲကျတော့မတတ် ရှိနေတယ်။ ဒါပေမယ့် စကားကိုတော့ တခွန်းမှ မပြောဘူး။
သူ့ကျောပေါ်က အပြာနုရောင် ရှပ်အင်္ကျီပေါ်မှာတော့ သွေးအလိမ်းလိမ်း စွန်းပေနေတယ်။
အမေလုပ်သူက ဘေးမှာ အသံတွေ ဝင်တဲ့အထိ ငိုကြွေးနေတယ်။ ကြည့်ဖူးနေကျ ဒရာမာတွေထဲကလိုပဲ။ မိခင်ရဲ့ ငိုကြွေးမှုက အကယ်၍များ သူမကသာ အပြစ်ပေးသူ ကိုယ်တိုင်ဆိုရင် အသေသာခံလိုက်မယ့်သဘောမှာရှိတယ်။ ဘေးမှာ ထိုင်နေတဲ့ သူ့အဖေကတော့ ဒေါသတွေ ထွက်နေတယ်။ အံကိုကြိတ်ထားရင်း ဒီ မွေးရကျိုးမနပ်တဲ့သားကို သေတဲ့အထိ ရိုက်ချင်နေတယ်။
ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေရယ်၊ မိခင်ရဲ့ မျက်ရည်တွေရယ်၊ ဖခင်ရဲ့ ဒေါသတကြီး အော်ဟစ်သံတွေရယ်ကြောင့် ရှောင်းကျန့်ခန္ဓာကိုယ်က ယိမ်းယိုင်သွားတယ်။ သူ့နှုတ်ခမ်းကို ဖိကိုက်ထားရင်း ခါးကို ပြန်မတ်လိုက်တယ်။ သူ့ခေါင်းကို မော့လို့ တိတ်ဆိတ်စွာနဲ့ပဲ ဖခင်နဲ့ အားပြိုင်နေတယ်။
အားတင်းထားရမယ်။ ထပ်ပြီးတော့ အားတင်းထားရမယ်။ ဘာကိုမှ တွေဝေနေမှု မရှိရဘူး။ အရှုံးပေးလို့ မဖြစ်ဘူး။ ဝမ်ရိပေါ်က သူ့ကို စောင့်နေတယ်။ ဝမ်ရိပေါ်မှာ သူတစ်ယောက်တည်း ရှိတယ်။
ကောင်းမွန်တဲ့သင်ကြားပြသမှုနဲ့ ၂၆ နှစ်လုံးလုံး လိမ်လိမ်မာမာ နေလာခဲ့တဲ့ လူငယ်လေးဟာ သူ့အဖေရဲ့ရိုက်နှက်ဆုံးမမှုကို ၃ ကြိမ်ပဲ ခံခဲ့ရဖူးတယ်။ ပထမနှစ်ကြိမ်မှာတုန်းက ရှောင်းကျန့်ဟာ မိဘရဲ့ သွန်သင်မှုကို မနာခံခဲ့လို့ဆိုတဲ့အကြောင်းပြချက်နဲ့ အရိုက်ခံခဲ့ရတယ်။ ဒီနေ့ဟာ တတိယအကြိမ်ပဲ။ အောက်တိုဘာ ၆ ရက်နေ့၊ ၁၉၉၂ ခုနှစ်၊ သူ့အသက် ၂၆ နှစ်ထဲဝင်တဲ့ ပထမဆုံးသောနေ့။
YOU ARE READING
1992 ||Completed||