Zawgyi ***
"လက်လှလှလေးတွေက အခုတော့အသားမာတွေတက်နေပြီ..ငါ့ညီရဲ့"
အားမလိုအားမရဖြစ်ကာ စိတ်မကောင်းဖြစ်ပုံဖြင့်ပြောနေသော ရွှိုင်ဂျင်အားကြည့်ရင်း အယ်လ်ဖီပြုံး၏။ ပြုံးသည်ဆိုသော်လည်း အသက်မပါတော့သော၊ အေးစက်နေသောအပြုံး။
"ကျွန်တော်က လွန်ခဲ့တဲ့ ဆယ်နှစ်ကလို ကလေးလေးမဟုတ်တော့ဘူးလေ..ကိုကြီးရ"
ပလက်ဖောင်းထက် ဘေးချင်းကပ်လမ်းလျှောက်နေရာမှ အယ်လ်ဖီအား လှမ်းကြည့်မိရင်း ရွှိုင်ဂျင်သက်ပြင်းချလိုက်ပြန်သည်။
တည်ငြိမ်နေသော မျက်နှာထားက ရေခဲရိုက်ထားသကဲ့သို့၊ မျက်ဝန်းညိုလေးတို့၌ အရင်လို နွေးထွေးခြင်းအရိပ်အယောင်များ ကိန်းဝပ်မနေတော့သည့်အပြင် တင်းတင်းစေ့ထားပုံရသော နှုတ်ခမ်းတို့မှ အသက်ဝင်သော ရယ်မောခြင်းအလျှင်းမရှိတော့ပေ။
လောကဓံသည် လူတစ်ယောက်ကို ဤသို့ပြောင်းလဲစေတတ်၏။
"ရောက်ပြီ..ဒီနေရာပဲ"
စကားပြောရင်းဆိုရင်းဖြင့် အယ်လ်ဖီ အသစ်ဝယ်ထားသော ကွန်ဒိုသို့ရောက်လာသောကြောင့်။
"ဝုတ်..ဝုတ်..ဝူး"
တံခါးဖွင့်လိုက်သည်နှင့် အပြေးခုန်တက်အုပ်လာသော အမွှေးတဖားဖားဖြင့် ရွှေရောင်ကောင်ကြီးကြောင့် ရွှိုင်ဂျင် တံခါးဝမှာပင် အတောင့်လိုက်ကြီးရပ်နေမိ၏။
အယ်လ်ဖီမှာ ထိုရွှေရောင်ကောင်ကြီး၏ ရှေ့၌ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းကုတ်ပေးနေကာ ပြုံးရင်းဆို၏။
"ငါ့အကိုအိမ်ခဏပဲ သွားတာပါကွာ..မင်းက ငါ့ကိုသတိရနေပြီပေါ့..ဟုတ်လား..ဘရူနို..ရုပ်ကြီးကလည်း"
ဘရူနိုမှာ အယ်လ်ဖီ၏လက်အား လျှာဖြင့်လျက်လိုက်ပြီး ရွှိုင်ဂျင်အား ခုန်အုပ်နေသောကြောင့် ရွှိုင်ဂျင်ထိတ်လန့်နေပြီ။
"အယ်လ်ဖီရေ..လုပ်ဦး..မင်းကောင်ကြီးက ငါ့ကို လှမ်းကိုက်မလို့လား"
တုန်တုန်ယင်ယင်ဖြင့် အတောင့်လိုက်ကြီးရပ်ကာ အကူအညီတောင်းနေသောပုံစံကြောင့် အယ်လ်ဖီ တဟားဟား အော်ရယ်မိတော့၏။
YOU ARE READING
Be my Life Partner [[ Completed ]]
Romance🖤 You don't trust in love? Nevermind. Just believe me. 🖤Z+U 🖤 Completed