Be The Pilot

1.4K 164 14
                                    

ကြမ်းတိုက်ဝတ်ဟာ သစ်သားကြမ်းခင်းပေါ်မှာ ဟိုရွေ့ဒီရွေ့နဲ့။ လက်ကောက်ဝတ်ပေါ်က နာရီကို တစ်ချက်ကြည့်လိုက်တော့ မနက်ရှစ်နာရီခွဲနေပြီ။ ဘေးနားမှာပဲရှိနေတဲ့ရေပုံးကို ဆွဲယူမလို့ နံရံနားထားလိုက်ပြီး ကြမ်းတိုက်တံကိုပါ ထောင်ထားလိုက်တယ်။

တစ်ထပ်အိမ်လေးထဲမှာ ပရိဘောဂတွေရှိနေတာကလွှဲပြီး ခြောက်ကပ်လို့ဖုန်တက်နေတယ်။ ဧည့်ခန်းကို တစ်ချက်ကြည့်ပြီးတာနဲ့ ဝမ်ရိပေါ်ဟာ ခြံထဲကို ဆင်းလာလိုက်တော့တယ်။ ညနေ ကျောင်းကပြန်လာမှပဲ သန့်ရှင်းရေးဆက်လုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တာလည်းပါတယ်။

သစ်သားခြံစည်းရိုးလေးကို တွန်းဖွင့်လို့ထွက်လာပြီးတာနဲ့ ဝမ်ရိပေါ်ဟာ သူ့ရဲ့ဘေး နှစ်ထပ်အိမ်ခြံဝန်းလေးထဲကို ဝင်လာတယ်။ တစ်ခြံနဲ့တစ်ခြံဟာ လူတစ်ရပ်စာသစ်သားခြံစည်းရိုးလေးပဲ ခြားတယ်။

ဧည့်ခန်းကိုဖြတ်လို့ လှေကားပေါ်တက်နေတုန်း မီးဖိုချောင်ထဲက သူ့အမေနဲ့သူ့ညီအစ်ကိုတွေရဲ့စကားသံတွေကို ကြားနေရတယ်။ တစ်ချက်လောက်သာ လှမ်းကြည့်ပြီး အပေါ်ထပ်က သူ့အခန်းရှိရာဆီကို တက်လာခဲ့တော့တယ်။

ကျောင်းသွားဖို့အတွက် အင်္ကျီလဲလိုက်ပြီးတာနဲ့ လွယ်အိတ်ကို ကြိုးတစ်ဖက်သာလွယ်လိုက်ပြီး မနက်စာစားဖို့အတွက် စကားသံတွေ ဆူညံနေတဲ့မီးဖိုခန်းထဲ ဝမ်ရိပေါ် ဝင်လိုက်တော့တယ်။

"ကြမ်းတိုက်ပြီးပြီမလား"

သူ့အမေမေးလာတာကို ဝမ်ရိပေါ်က ခေါင်းတစ်ချက်ပဲ ငြိမ့်ပြတယ်။ စားပွဲပေါ်မှာချထားတဲ့ပေါင်မုန့်ထုပ်ထဲကနေ ပေါင်မုန့်တစ်ချပ်ယူလိုက်ပြီး ငြိမ်သက်စွာပဲ ဝါးနေတယ်။

"မား...ကျွန်တော့်ကို ယိုထပ်သုတ်ပေးပါဦး"

အငယ်ဆုံးလေးရဲ့စကားကို သူ့အမေက ဘာမှမပြောဘဲ လုပ်ပေးနေကြလိုမျိုး စတော်ဘယ်ရီယိုကို ပေါင်မုန့်ပေါ်မှာပဲ သပ်သပ်ရပ်ရပ်သုတ်ပေးနေတယ်။

"မင်း ကိုယ့်ဘာကိုယ် မလုပ်တတ်ဘူးလား"

ကိုကြီးက နွားနို့ကိုမော့သောက်နေရင်းနဲ့ လှမ်းပြီးခနဲ့တယ်။ ဒါပေမဲ့ စနောက်နေတာမှန်း သိသာလွန်းတယ်။

Never Ending StoriesWhere stories live. Discover now