"ဆရာရှောင်း သွားပြန်ပြီလား"
သူနာပြုမလေးဟာ သူမဘေးက သူငယ်ချင်းကို ဝမ်းနည်းနေတဲ့ပုံစံနဲ့ လှမ်းပြောလိုက်တယ်။ ဆရာရှောင်းကို ကရုဏာသက်နေကြတာ သူမတင်မဟုတ်ဘဲ ဆေးရုံဝန်းတစ်ခုလုံးကပါ သနားနေကြတာ ဆရာရှောင်းကတော့ သိမှာတောင် မဟုတ်ဘူး။
အခန်းတစ်ခန်းဆီကို ဦးတည်သွားနေတဲ့ ရှောင်းကျန့်ရဲ့ပခုံးတွေက နွမ်းလျလျ။ ဆေးရုံက အလုပ်တာဝန်တွေ ပြီးဆုံးတိုင်းမှာ ဒေါက်တာရှောင်းဟာ အခန်းတစ်ခန်းဆီကို သွားလေ့ရှိတယ်။
တီ...တီ...တီ...တီ...
မော်တာဆီက စက်သံဟာ နားငြီးဖွယ်ကောင်းအောင်ကို မြည်တွန်နေတယ်။ ရှောင်းကျန့်ဟာ ကုတင်ဘေးနားမှာ ချထားတဲ့ခုံဝိုင်းလေးမှာ ခပ်သာသာဝင်ထိုင်လိုက်တယ်။ စောင်ဘေးမှာ ကပ်ရပ်စွာချထားတဲ့လက်ဖဝါးဖြူဖြူကို အသာဆုတ်ကိုင်လိုက်တယ်။
မှိတ်ကျနေတဲ့မျက်ဝန်းတွေဟာ အိပ်စက်နေသလိုမျိုးပဲ။ အသက်ရူနှုန်းအခက်အခဲကြောင့် ဝတ်ဆင်ထားရတဲ့အောက်ဆီဂျင်အထောက်အကူဟာ နှုတ်ခမ်းခပ်တန်းတန်းတစ်စုံကို ဖုံးအုပ်ထားတယ်။
ရှောင်းကျန့်ရဲ့ကျန်ရှိနေတဲ့လက်တစ်ဖက်က လက်ချောင်းသွယ်သွယ်လေးနဲ့ နဖူးပေါ်မှာတင်နေတဲ့ဆံစတွေကို ဘေးကပ်ပေးလိုက်တယ်။
"မင်းရဲ့ဆံပင်တွေ ရှည်နေပြီ"
တိုကပ်နေတတ်တဲ့ဆံစတွေဟာ အခုတော့ဖြင့် နဖူးပြင်ကိုတောင် ဖုံးအုပ်နေခဲ့ပြီ။ အောက်လျှောကျနေတဲ့စောင်ပြာပြာကို ရင်ဘတ်နားထိ ဆွဲတင်ပေးမိတယ်။
"ငါ့ကို ဘယ်အချိန်ထိ ပစ်ထားမလို့လဲ"
လက်ပြင်ခုံကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်တယ်။ ဖြူရှင်းပြီး သွေးကြောစိမ်းတွေ ယှက်နေတတ်တဲ့လက်ခုံဟာ အခုတော့ဖြင့် အပ်ပေါက်ရာဗရပွနဲ့ဖြစ်နေခဲ့ပြီ။
"နိုးလာပါတော့"
မျက်ဝန်းထောင့်စပ်နားကနေ ကျဆင်းလာတဲ့မျက်ရည်စက်တွေဟာ ပါးပြင်တစ်လျှောက် စီးဆင်းကျလာခဲ့တယ်။ ဂျူတီကုတ်ပေါ် တောက်ခနဲကျသွားတဲ့မျက်ရည်စက်တွေ။