"ဟေး....နံပါတ် (၁၀၅) ၊ ထတော့"
လူတွေရဲ့စကားသံများကြားထဲကမှ ထင်းခနဲကြားလိုက်ရတဲ့အသံတစ်ခု။ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ လင်းထိန်နေတဲ့မျက်နှာကြက်ကို အရင်တွေ့လိုက်ရတယ်။
"နိုးလာပြီလား"
ကိုယ်တစ်ဝက်ထလိုက်ပြီးတာနဲ့ အုံခဲနေတဲ့ခေါင်းကို သူ တစ်ချက်ထုလိုက်တယ်။ မျက်လုံးရှေ့မှာမြင်နေရတဲ့မြင်ကွင်းက ရှောင်းကျန့်ကို နည်းနည်းတော့အံ့ဩမိသွားစေတယ်။ အစိမ်းရောင်အားကစားအင်္ကျီကိုဝတ်ထားတဲ့လူတွေ။ ထိုလူတွေအများကြီးက နေရာလွတ်မှာ မတ်တပ်ရပ်နေကြတယ်။ တစ်ချို့တွေကလည်း ထပ်ဆင့်ကုတင်တွေရှေ့မှာနေပြီး အချင်းချင်းစူးစမ်းနေကြတယ်။
"မကြာခင် ဂိမ်းစတော့မယ်လို့ပြောတယ်"
"ဂိမ်း..? ၊ ဘာဂိမ်းလဲ"
အရှေ့က ကောင်လေးဟာ အနောက်ပြန်လှည့်ကြည့်လာတယ်။ ဂျစ်ကန်ကန်ပြန်လျှောက်လာတဲ့ကောင်လေးက ရှောင်းကျန့်ထက်တောင် ငယ်မဲ့ပုံ။
"မင်း ဒီကို ဘယ်လိုရောက်လာတာလဲ"
သူ ဒီကို ဘယ်လိုရောက်လာခဲ့တာလဲ။
ရှောင်းကျန့်ရဲ့မျက်တောင်ဖျားတွေ အောက်ကိုငုံ့ကျသွားတော့တယ်။ သူ နေခဲ့ဖူးတဲ့ဂေဟာက မကြာခင်မှာ ပိတ်သိမ်းခံရတော့မှာ။ လိပ်စာကတ် လက်ခံရရှိခဲ့တဲ့ဂေဟာမှူးက နေမကောင်းဖြစ်နေခဲ့တာမို့ ရှောင်းကျန့်က ဂေဟာမှူးအစား ချိန်းထားတဲ့နေရာမှာ အစားစောင့်နေခဲ့တာ။
ညနက်သန်းခေါင်အချိန် အရှေ့တည့်တည့်မှာရပ်လာတဲ့ကားနက်ကို ရှောင်းကျန့် စူးစမ်းကြည့်လိုက်မိတယ်။ ကားရှေ့မှန်ကျလာတဲ့နောက် မြင်လိုက်ရတဲ့လူကြောင့် စိုးထိတ်သွားမိတာတော့ အမှန်ပဲ။
"ကျောက်ကျစ်ရှူး ဟုတ်ပါသလား"
မျက်နှာဖုံးဝတ်ထားတဲ့နောက်ကနေ ထွက်လာခဲ့တဲ့ ပြုပြင်ထားပုံပေါ်တဲ့ ထူးဆန်းတဲ့အသံဩဩတစ်ခု။
"အာ...မဟုတ်ပါဘူး"
ချက်ချင်းလိုလိုပြန်ပိတ်သွားတဲ့မှန်နဲ့အတူ ထွက်ခွာသွားတဲ့ကား။ ရှောင်းကျန့် ဘေးကပ်ရပ်ကနေ ပြေးလိုက်မိတယ်။