လိပ်တက်နေတဲ့ဆွယ်တာအောက်စနားလေးကို အသာပြန်ဖြန့်လိုက်ပြီး မင် ခြံတံခါးဖွင့်တာကို စောင့်နေလိုက်တယ်။
"အစ်ကိုပေးတာတွေ လုပ်ထားဦးနော်"
"ဟုတ်ကဲ့ပါဗျ"
မင်က ပြုံးစပ်စပ်နဲ့ ရှောင်းကျန့်ကိုကြည့်ပြီး ပြောလာတယ်။ ခေါင်းခါလို့ရယ်လိုက်ပြီး ပခုံးစွန်းက လျှောကျနေတဲ့လွယ်အိတ်ကြိုးလေးကို တစ်ဖန်ဆွဲတင်ပြီးတာနဲ့ မင်တို့အိမ်ကနေ ထွက်လာခဲ့တော့တယ်။
လက်ကောက်ဝတ်က နာရီလေးကို တစ်ချက်ကြည့်လိုက်တယ်။ အခုချိန် ကားဂိတ်ကိုမီအောင်မသွားနိုင်ရင် နောက်စာသင်ချိန် နောက်ကျနေတော့မှာပဲ။ အတွေးထက် ခြေလှမ်းတွေက ခပ်သွက်သွက်စတင်တယ်။
ထုံးစံအတိုင်း လမ်းထိပ်ကဓာတ်တိုင်နားရောက်တာနဲ့ ခေါင်းကိုငုံ့လိုက်ပြီး ခပ်ရို့ရို့သွားလိုက်တယ်။ လမ်းထိပ်က ဓာတ်တိုင်အောက်မှာ အမြဲတမ်း ဒီအချိန်လောက်ဆို အုပ်စုတစ်စုရှိနေတတ်တယ်။
အုပ်စုထဲမှ လူအချို့ဟာ သာမန်ထက် ထင်းထွက်နေတဲ့လူတစ်ယောက်ကို နှုတ်ဆက်ပြီးတာနဲ့ ဆန့်ကျင်ဘက်လမ်းသွယ်တွေဘက်ကို ထွက်သွားကြတယ်။ ကျန်ခဲ့တာဆိုလို့ ထိုလူတစ်ယောက်တည်း။
ထိုလူဟာ ဆေးလိပ်ကို ဟန်ပါပါကိုင်ထားပြီး အခိုးအငွေ့တွေကို စတိုင်ကျကျမှုတ်ထုတ်လို့ ရှောင်းကျန့်ရှိရာဘက်ဆီ မျက်လွှာပင့်ကြည့်လာခဲ့တယ်။
မျက်ဝန်းစူးရှရှတစ်စုံနဲ့အကြည့်ဆုံမိတဲ့အခါ အရင်မျက်နှာလွှဲလိုက်သူက ရှောင်းကျန့်သာဖြစ်တယ်။ လမ်းတစ်ဖက်ကို ကူးဖို့အပြင်မှာပဲ နောက်ကျောဘက်ထိုလူဆီကနေ အော်သံကြားလိုက်ရတယ်။
"ဟာ....ဟေ့"
ကျွီ.....
ကတ္တရာလမ်းပေါ် ဒူးထောက်လဲကျသွားသူမှာ ရှောင်းကျန့်ဖြစ်နေတယ်။ ဘရိတ်အုပ်သံက ကားလမ်းမပေါ် အသံကျယ်ကျယ်နဲ့ထွက်ပေါ်လာတယ်။ နောက်ပါးဆီကနေ ဖိနပ်သံနဲ့အတူ သူ့ဆီပြေးလာသံကိုပါ ကြားလိုက်ရတယ်။
"ဘယ်လိုမောင်းနေတာလဲကွ"
တစ်ဖက်ကားဟာ တောင်းပန်ခြင်းတောင်မရှိပါဘဲ အရှိန်ပြင်းစွာနဲ့ မောင်းထွက်သွားတယ်။ ရှောင်းကျန့်က အခုထိ မြေကြီးပေါ်မှာပဲရှိနေတုန်း။ လက်ဖဝါးနဲ့ထောက်မိသွားတာမို့ ကြည့်မိတဲ့အခါ အရေပြားလန်ပြီး သွေးတောင်စို့နေပြီ။ လည်ပင်းက အကြောတွေပေါ်တဲ့အထိ ကားမောင်းပြေးသွားတဲ့လူကို ဆဲနေတာ ထိုလူသာဖြစ်တယ်။