'တွေ့ပြီး စကားပြောမယ်...'
ဖုန်းမျက်နှာပြင်ကို အောက်တစ်ချက်ဆွဲလိုက်တယ်။ ပြန်စာမရှိတဲ့စာတိုတွေဟာ ဝင်ရောက်ကြည့်ရူ့ထားခြင်းလည်း မရှိဘူး။
"တောက်..."
ထောင်းခနဲထွက်လာတဲ့ဒေါသနောက်မှာ ဝမ်ရိပေါ်ဟာ ကားစတီယာတိုင်ကို လက်ဖမိုးနဲ့ ခပ်နာနာထုရိုက်လိုက်တယ်။ ကိုယ်ကိုတစ်ချက်ကိုင်းလို့ ကားရှေ့မှန်ကနေမြင်နေရတဲ့ အဆောက်အအုံတစ်ခုကို မော့ကြည့်လိုက်တယ်။
ဒီထဲက တစ်နေရာမှာ ရှောင်းကျန့် ရှိနေတယ်ဆိုတာကို သိပေမဲ့ သူ့မှာ အရမ်းကာရောမလုပ်ရဲဘူး။ အမုန်းခံရတာ တစ်ခါဆိုလုံလောက်ပြီ။
ဆိုးထားပြီးကာစ ချောကလက်ရောင်ဆံပင်တွေကို လက်နဲ့တစ်ချက်သပ်တင်လိုက်တယ်။ ကားစက်နိုးပြီးတာနဲ့ တံတောင်ဆစ်ကို ကားတံခါးဘောင်ပေါ်တင်လိုက်ပြီး ခပ်ကြမ်းကြမ်းမောင်းထွက်သွားတော့တယ်။
သူ အခု နောင်တရနေတယ်။ ဒီလိုတွေ ဖြစ်မယ်မှန်းသိခဲ့ရင် အဲ့လိုအပြုအမူမျိုး လုပ်မိမှာတောင်မဟုတ်ဘူး။ အချိန်တွေကိုသာ နောက်ပြန်လှည့်လို့ရခဲ့မယ်ဆိုရင် လူအမြင်ကတ်စရာ စရိုက်ကျင့်ဝတ်နဲ့မဟုတ်ဘဲ လူလိမ္မာလေးလိုမျိုး နေခဲ့မိမှာ။
အခုတော့ သောက်ရမ်းနောင်တရလွန်းလို့ ရူးတော့မဲ့အတိုင်းပဲ။
...................................................................................
"ဟေး....ဝမ်ရိပေါ် ၊ လာပြီလား"
အနက်ရောင်လည်သာအင်္ကျီကို ဂျင်းအနက်ရောင်ဘောင်းဘီနဲ့ အနက်ချင်းထပ်နေအောင် တွဲဝတ်ထားပင်မဲ့ ဖြူနေတဲ့အသားကြောင့် ထင်းနေတာပဲ။ လှန်တင်ထားတဲ့ဆံပင်တွေက အချိန်ပေးပြီး လုပ်လာခဲ့မှန်း သိသာတယ်။
လောင်ဝေက ဘေးဘက်ကို အသာရွှေ့ပေးပြီး နေရာပေးလာတယ်။ သူငယ်ချင်းတစ်ယောက် ကမ်းပေးလာတဲ့ဆေးလိပ်ကို လက်ကာပြလို့ ငြင်းလိုက်ပြီး ဆိုင်ပတ်လည်တစ်လျှောက် မျက်လုံးဝေ့ကြည့်လိုက်တယ်။
ညနေပိုင်းတွေမှာမှ ဖွင့်ပင်မဲ့ အခုရောက်နေတဲ့စားသောက်ဆိုင်က အစားအစာအစုံအလင်ရတယ်။ ကပ်တိုးမေးကြည့်မယ်ဆိုရင် ဝိုင်နဲ့အတူ အခြားသောက်စရာတွေကိုလည်း ရနိုင်သေးတယ်။