လေပြေတစ်ချက်အဝှေ့မှာ မညီမညာမြေလွှာပေါ်ကို မက်မွန်ပွင့်လွှာတွေ ကြွေကျလို့လာခဲ့တယ်။
ပင်စည်ကြီးက ကြီးမားလုံးဝိုင်းလွန်းလှပြီး အကိုင်းအခက်တွေဟာ ရွှေကွန်ခြာသဖွယ် အရပ်ဆယ့်ခြောက်မျက်နှာဘက်ကို စွန့်ကားလို့နေတယ်။ ရာသီရောက်လာလို့ထင်...တစ်ပင်လုံးဟာ မက်မွန်ပွင့်တွေနဲ့ ပန်းနုဖြူရောင်သန်းလို့။
ရှစ်ယင်ဟာ ကျောက်ဖျာကြီးတစ်ချပ်ပေါ်မှာ မျက်လွှာတွေကိုချကာ ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ အတွင်းအားဖြစ်စဥ်တွေကို သုံးသပ်လို့နေတယ်။
ရွှီ...ရွှီ...ရွှီ
မက်မွန်ပင်ကို တိုက်ခတ်နေတဲ့လေပြေတွေနဲ့အပြိုင် လေ့ကျင့်ရေးချည်သားအင်္ကျီအဖြူကို ဝတ်ဆင်ထားတဲ့လူငယ်လေးတစ်ယောက်ဟာ ဓားရေးလေ့ကျင့်နေတယ်။
"ပိုင်လီ....လက်ကောက်ဝတ်ကို အားဖျော့ထား"
ရှစ်ယင်ဟာ မျက်လုံးတွေကို မှိတ်ထားရက်သားကနေ သူ့တပည့်လေးရဲ့လိုအပ်ချက်ကို တိုးဖွဖွနှုတ်တိုက်ဖွင့်လာခဲ့တယ်။ နူးညံ့သိမ်မွေ့စွာ လှုပ်ရှားသွားတဲ့နှုတ်ခမ်းမှ စကားတို့ဟာ ပိုင်လီလေးရဲ့အကြားအာရုံမှာတော့ ထင်ရှားစွာကြားလိုက်ရတယ်။
လေ့ကျင့်နေရင်းကမှ ရှစ်စွင်းရဲ့နှုတ်ပါးလွှာထက်မှ အမိန့်စကားကို ကြားတဲ့အခါ ပိုင်လီတစ်ယောက် ရှစ်စွင်းကို လှမ်းကြည့်လိုက်မိတယ်။
ဇင်ယော်တောင်မျက်ခုံးတစ်စုံဟာ သိမ်းဌက်လိုမျက်ဝန်းတစ်စုံနဲ့ပေါင်းစပ်မိတဲ့အခါ ပိုင်လီရဲ့မျက်နှာကို သာမန်ထက်ပိုတဲ့ရုပ်ရည်သွင်ပြင်အဖြစ်ကို ကူးပြောင်းသွားစေတော့တယ်။
"ဟုတ်ကဲ့ပါ ရှစ်စွင်း"
ဖြူပြာပြာကောင်းကင်ယံကနေ ပတ္တမြားရောင်သန်းလာတဲ့အထိ ပိုင်လီဟာ ရှစ်စွင်းနဲ့အတူရှိနေခဲ့တယ်။ တစ်ခါတစ်ရံ စောင်းငဲ့လို့ခိုးကြည့်မိတဲ့အခါတိုင်းမှာ ရှစ်စွင်းဟာ အခြားတစ်စုံတစ်ခုပေါ်မှာသာ အာရုံရှိနေတတ်တယ်။
"ပိုင်လီ...အာရုံစိုက်"
ပိုင်လီရဲ့မျက်လွှာတွေ အောက်ကိုချလိုက်မိတော့တယ်။