Episode 1

403 23 5
                                    

-Unicode-

အဲဒီနေ့က စခဲ့တဲ့ ခံစားချက်...။ စိတ်ထဲ ရင်ထဲထိ အမြစ်တွယ်မနေအောင် ကြိုးစားခဲ့ပေမဲ့ မရခဲ့ဘူးထင်သည်။ ဖတ်ခဲ့ဖူးတဲ့ စာအုပ်ထဲက စကားစုလေးတစ်စု... -ခံစားမိတဲ့ခံစားချက် ချစ်မိတဲ့ ခံစားချက်ကို ခေါင်းစဉ်အမျိုးမျိုးတပ်နေသရွေ့  တစ်ကယ်စစ်မှန်တဲ့ ခံစားမှုကို ရမှာ မဟုတ်ဘူး- တဲ့။ မှန်တယ်ထင်သည်။ ပိုင်ဆိုင်လိုမှုတွေ ရယူလိုမှုတွေနဲ့ ခံစားချက်ကို ခေါင်းစဉ်တပ်ပြီး မျှော်ငေးနေရတာ တတောင့်တနေမိတာတွေက ‌အဆင်ပြေနေတာမဟုတ်တဲ့အတွက် ဒီအတိုင်းလေး... ဒီအတိုင်းလေးပဲနေခဲ့ပေမဲ့ အဲ့ဒီနေ့ကို တွေးမိလိုက်ရင် အဲ့ဒီနေ့က နွေရာသီလိုပဲ ရင်ထဲ ပူတယ် ဒါပေမဲ့ ခပ်နွေးနွေးလေး... ။

.

.

.

ခေါင်းပေါ်က ပူကျစ်တောက်နေတဲ့ နေကို လက်တစ်ဖက်နဲ့ကာ မော့ကြည့်ရင်း နောက်လက်တစ်ဖက်ကလည်း ချွေးထွက်လို့ စိုနေပြီဖြစ်တဲ့ အင်္ကျီကို လေနဲ့အေးအောင်ခါနေမိသည်။ ဒီရာသီက PE လုပ်ဖို့အတွက် ပူလွန်းနေသလိုပဲ။ နွေရာသီဆိုတဲ့အတိုင်း ကျောင်း၀န်းထဲက ပုဇဉ်းရင်ကွဲတွေရဲ့ အော်သံတွေက စိတ်အနှောင့်တော့မဖြစ်ပေမဲ့ ခပ်ကျယ်ကျယ်ကြားနေရ​သေးသည်။

"ဟေ့ကောင်တွေ!! အချောင်ခိုမနေကြနဲ့နော် လုပ်ကြစမ်းပါ ခန္ဓာကိုယ်တွေကို သေချာအားလေးထည့်!! "

"အရမ်းပူတယ် ဆရာရ!"

"ဟုတ်တယ် ပူတာမှ သေမလိုပဲ ကျွန်တော်တို့ ခဏလောက် နားလို့မရဘူးလား "

"မရဘူး. . မရဘူး အကုန်ပြီးမှ နားကြ လုပ်ကြစမ်းပါကွ ကဲ ဘားတန်းကို သေချာကိုင်မယ် "

တခြားကျောင်းသားတွေနဲ့ ဆရာရဲ့ အပြန်အလှန်ပြောနေသံတွေကြားထဲကပဲ ဘတ်ခ်ဟျွန်းလည်း ဘားတန်းကို ပြန်ကိုင်လိုက်သည်။ သိပ်ပြီး စိတ်ပါသည်တော့လည်းမဟုတ် ဘတ်ခ်ဟျွန်းအတွက် ခက်ခဲသည်။ လူကောင်ညှပ်သည်ဟုပြောလို့ရသည့် အနေအထားမှာ ဘားတန်းကီု အရင် ခုန်ပြီးဆွဲနေရသည်။ ခုန်လိုက် ဘားတန်းဆွဲလိုက် ပြုတ်ကျလိုက်နဲ့ ဘတ်ခ်ဟျွန်းတိုင်ပတ်နေသည်။ လက်မောင်းအားထည့်ပေမဲ့ လက်ကောက်၀တ်အားကမနိုင်တော့ လက်က တန်းကိုကြာကြာမကိုင်နိုင်ပဲ ခဏတိုင်း ဖုတ်ခနဲပြုတ်ကျနေတာကမလွယ်ဘူးဖြစ်သည်။

Out Of BlueWhere stories live. Discover now