-Unicode-
ရှေ့က အဆောက်ဦးကိုကြည့်ကာ စိတ်လှုပ်ရှားနေတာက လက်ဖျားတွေတောင်အေးစက်လာသည်။ ဒီနေ့က Final exam နောက်ဆုံးနေ့။ တက္ကသိုလ်စတက်ကတည်းက ကိုယ့်ဌာနကလွဲရင် တခြားဌာနကိုယောင်ပြီးတောင် ခြေဦးမလှည့်ဖူးတဲ့ ဘတ်ခ်ဟျွန်းက အခု ချန်းယောလ်တို့ ဌာနအနားရောက်နေပြီဖြစ်သည်။
"ကဲ ငါက ဒီဘက်ကို ဒိုးတော့မယ် ကြိုးစားထား ငါ့ကောင်ရေ..."
လက်ပြနှုတ်ဆက်ကာ ဆယ်ဟွန်းထွက်သွားတာက အစ်ကိုမင်ဆော့ရဲ့ ဌာနဘက်ဆီကို ဖြစ်သည်။ ပခုံးထက်မှာလွယ်ထားတဲ့ Tote bagရဲ့ကြိုးကို ခပ်တင်းတင်းကိုင်ရင်း ဌာနအတွင်းထဲသို့ ဦးတည်လိုက်သည်။ စာမေးပွဲပြီးသွားတာကြောင့် အပြင်ကို ပေါ့ပါးသွက်လက်စွာ ထွက်လာတဲ့လူတွေကြား ချန်းယောလ်ပါလာမလားလည်း လိုက်ကြည့်ရသေးသည်။
"ပတ်ချန်းယောလ် ဒီတစ်ခါတော့ မင်းရှောင်လို့မရဘူးနော် တခြားမဟုတ်ဘူး semester's end party လေ လာကိုလာရမယ် "
"အေးပါကွာ လာပါ့မယ် မင်းတို့လည်း တစ်ခုခုစို သောက်ပွဲခံဖို့လောက် စဉ်းစားနေကြတာ "
ချန်းယော်လ်ပါလာတဲ့ အုပ်စုကိုမြင်လိုက်တာနဲ့ ဘေးက နံရံကာအကွယ်ဘက်ကို အလျင်စလိုပုန်းမိသည်။ ဘာကြောင့် ပုန်းမိသည် မသိပေမဲ့ ခန္ဓာကိုယ်က သူ့ဘာသူလှုပ်ရှားသွားတာဖြစ်သည်။
"ဒီည အရင်ထပြန်တဲ့ကောင် နောက် semester ကျ မလွယ်ဘူးသာမှတ် ဒုက္ခတွေချည်းလိမ့်ခံရမယ်"
"ဒုက္ခခံရမဲ့သူက ဘယ်သူမှမဟုတ်ဘူး ပတ်ချန်းယောလ်ပဲ ဖြစ်မှာ သူရဲ့ ရင်ခုန်သံလေးဆိုလား ဘာဆိုလား အဲ့တစ်ယောက်ဆီ ထွက် ထွက်ပြေးတာလေ ဖမ်းလို့တောင်မရဘူး"
"နိုးနော် ဒီညတော့မရဘူး ရင်ခုန်သံကော ဘာကော ဘာမှနားမလည်ဘူး ဒီညပွဲမှာ အကုန်မပြီးမချင်း ခုံမှာ ဖင်ကိုကော်နဲ့ကပ်ထားသလိုနေရမှာ ဟား ဟား ဟား "
ဘတ်ခ်ဟျွန်းပုန်းနေတဲ့နေရာဘေးကနေ ကျော်တက်သွားတဲ့ ချန်းယောလ်တို့အုပ်စုကိုကြည့်ပြီး မဖော်ပြတတ်တဲ့ ခံစားမှုက ၀င်ရောက်လာသည်။ ရင်ဘတ်ထဲမှာ လစ်ဟာနေတယ်။