-Unicode-
ကံတရားက လူနှစ်ဦးကို နီးစပ်စေချင်ရင် မကြာခဏသော တွေ့ဆုံမှုကို ပေးတယ်တဲ့။ ဘတ်ခ်ဟျွန်းက ကံတရားကို ကြောက်တယ် နီးစပ်အောင် ဖန်တီးပြီးမှ ကွဲကွာစေအောင်လည်း ပြုလုပ်တတ်သည်မလို့။ တစ်ကယ်တမ်းမှာ ဘတ်ခ်ဟျွန်းက အရာရာကို ဦးထွက်ရင်ဆိုင်ရမှာ ကြောက်တဲ့ သတ္တိကြောင်တဲ့သူပဲ။ အဆိုးဆုံးအရာကိုပဲ တွေးပြီး လက်ကိုင်ထားတတ်တဲ့ မကောင်းတဲ့အကျင့်ဟာလည်း ငယ်ပေါင်းလိုပဲ သစ္စာရှိစွာ ဘတ်ခ်ဟျွန်းကိုယ်ထဲ ကိန်းအောင်းနေတယ်။
- ဘယ်အချိန် အတန်းပြီးမှာလဲ လာခေါ်မယ် -
ဒီးခနဲ တုန်ခါကာ ၀င်လာတဲ့ ဖုန်းထဲက စာတိုတစ်စောင်ဟာ ရှေ့က ပါမောက္ခသင်နေတဲ့စာတွေကို စိတ်မ၀င်စားပဲ အာရုံပျက်ပြားအောင်လုပ်နိုင်သည်။
- အခုသင်နေတဲ့အချိန်ပြီးရင် ပြီးပြီ -
စာသင်ခုံအောက်မှာပဲ လက်တွေကို အသံတိတ်လှုပ်ရှားရင်း ပြန်ပို့မိသည်။
ချန်းယောလ်နဲ့ ဆက်ဆံရေးက အဆင်ပြေတိုးတက်လာတာလား အထက်တန်းကျောင်းသားတုံးကအချိန်တွေဆီ ပြန်ရောက်သွားသလားဆိုတာတော့ ဘတ်ခ်ဟျွန်းမခွဲခြားနိုင်သေးပါ။ အရင်တုံးကလို သူငယ်ချင်းလေးယောက်ဆုံချိန်တွေဟာ ဘတ်ခ်ဟျွန်းနေမကောင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ခဏတိုင်းဖြစ်လာသည်။ ထိုတွေဆုံမှုတိုင်းဆီကို ဘတ်ခ်ဟျွန်းဟာ ချန်းယောလ်ကိုယ်တိုင်လာခေါ်ခြင်းကနေ သွားဖြစ်နေသည်။ မကြာခဏ တွေ့ဖြစ်လာတိုင်းမှာ ချန်းယောလ်အပြုံးတွေကိုလည်း ပိုပိုပြီး မြင်ခွင့်ရလာသည်။
"အခုလည်း ပတ်ချန်းယောလ်ပဲလား "
စာအုပ်တွေ အိတ်ထဲကောက်သိမ်းနေရင်း ဆယ်ဟွန်းပြောလာတော့ ဘတ်ခ်ဟျွန်းမှာ ကြောင်တောင်တောင်ပဲ ပြန်ကြည့်မိသည်။
"ငါ့ပုံစံက သိသာနေလို့လား "
ဘတ်ခ်ဟျွန်းကို ကြည့်ကာ ခေါင်းခါရမ်းရင်း ပြန်မဖြေပဲ ထထွက်သွားတဲ့ ဆယ်ဟွန်းနောက်လိုက်ချိန်မှာပဲ တစ်စုံတစ်ယောက်က ရှေ့က၀င်တားလာသည်။
"ဘတ်ခ်ဟျွန်း.."
"..."
မျက်လုံးဝိုင်းဝိုင်း ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးတစ်ယောက်ဖြစ်ကာ ဘတ်ခ်ဟျွန်းနဲ့ မရင်းနှီးသူတစ်ယောက်ဖြစ်နေသည်။