-Unicode-
"အိုး ဆောရီး ဆောရီး .."
"မဟုတ် ဘတ်...ဘတ်ခ်ဟျွန်း..ဘတ်ခ်ဟျွန်း.."
တံခါးကို အလျင်အမြန်ပိတ်လိုက်ကာ အခန်းအပြင်မှာ ကြောင်တောင်တောင်ရပ်နေရင်း မြင်လိုက်ရတဲ့ မြင်ကွင်းကို မျက်လုံးထဲမှာ ဖျောက်မရ။ ဆယ်ဟွန်းနဲ့ ကောင်လေးတစ်ယောက်နဲ့ နမ်းနေတဲ့ မြင်ကွင်း ။အခန်းဖော်ဖြစ်လာပြီးတဲ့နောက်မှာတော့ အချိန်ကြာလာသည်နှင့် ဆယ်ဟွန်းဆီမှာ တစ်စုံတစ်ယောက်ရှိနေမှန်းတော့ ဘတ်ခ်ဟျွန်းသတိထားမိခဲ့ပါသည်။ မထင်မှတ်ထားတာမလို့ လန့်သွားတာလား ရင်တုန်တာလား ဘာမှန်းမသိတဲ့ခံစားချက်နဲ့ အခန်းရှေ့မှ တခြားထွက်သွားဖို့ခြေလှမ်းတုံးမှာပဲ တံခါးဖွင့်သံကြားရပြီး ဆယ်ဟွန်းထွက်လာသည်။
"ဘတ်ခ်ဟျွန်းကလည်း ခေါ်နေတာကို .."
ဆယ်ဟွန်းက လည်ပင်းတွေ ပွတ်သပ်နေသလို ဆံပင်တွေထဲလည်း ထိုးဖွနေကာ မျက်နှာက စပ်ဖြဲဖြဲနဲ့ ဖြစ်နေသည်။
"အထဲက ငါ့ကောင်လေး..မင်းနဲ့ မိတ်ဆက်ပေးမလို့ အခန်းထဲကစောင့်နေတာပဲ ဒါပေမဲ့ အခြေနေက မင်းမြင်လိုက်ရသလိုဖြစ်သွားတယ် ဆောရီး ဟဲဟဲ.. အထဲပြန်၀င်လာ မိတ်ဆက်ပေးမယ် "
ဘယ်လိုစကားနဲ့ စပြောရမှန်းမသိတော့ ခေါင်းညိတ်ကာပဲ အခန်းထဲ ပြန်လိုက်၀င်လာခဲ့သည်။ ဆယ်ဟွန်းကောင်လေးဆိုသူမှာ မျက်နှာရဲရဲနဲ့ ထိုင်မလို ထမလို အနေအထားနဲ့ ဆယ်ဟွန်းကိုလည်း စကားကြိတ်ကြိတ်နဲ့ ရန်လုပ်နေသေးသည်။
"ဒါ ငါ့ကောင်လေး ကင်မင်ဆော့တဲ့ Business စီနီယာနှစ်က "
"ဗြောင်ဘတ်ခ်ဟျွန်းပါ.."
"အစောက မြင်ကွင်းအတွက် အားနာလိုက်တာ ဟိုဟာ.. အစ်ကို့ကိုလည်း ဆယ်ဟွန်းလိုသဘောထားပြီး ခင်လို့ရတယ်နော် အကူညီလိုတာရှိရင်လည်းပြော "
ဆယ်ဟွန်းနောက်ကျောကို တဘုန်းဘုန်းရိုက်ရင်း ရယ်မောနှုတ်ဆက်နေတဲ့ပုံစံက ကလေးလေးတစ်ယောက်လိုပဲ။ ဘတ်ခ်ဟျွန်းက အထက်တန်းကျောင်းသားလို့တောင် ထင်ခဲ့တာ။ ဘတ်ခ်ဟျွန်းနဲ့ လူကောင်သိပ်မကွာပေမဲ့ မျက်မှန်ဝိုင်းဝိုင်းလေးတပ်ထားပြီး မျက်နှာသေးသေးလေးနဲ့လူကောင်ကလည်း ပိုသေးတယ်ထင်ရတာကြောင့် ဖြစ်မည်။