-Zawgyi-
ပျော်လွန်းရင် ငိုရတတ်တယ်ဆိုတဲ့ ဘယ်သူစခဲ့တဲ့မှန်းမသိတဲ့ အရာကို ဘတ်ခ်ဟျွန်းခံစားမိနေခဲ့တာ ရက်အတော်ကြာပြီဖြစ်သည်။ ပူလောင်မရှိ စိုးရိမ်ပူပင်ခြင်းမရှိ စိတ်ညစ်စရာမရှိ ပျော်ရွှင်စရာနဲ့ ကြည်နူးစရာတွေပဲ ရှိနေတဲ့အချိန်မှာ ဘတ်ခ်ဟျွန်းက အဆိုးတွေ ဖြစ်လာမလား ဘယ်အချိန်မှာ ဘာဖြစ်လာမလဲ မသိတဲ့ ကိစ္စကို စိုးရိမ်ပူပန်နေတော့တာ။
ချန်းယောလ်ကို သေချာသိနေခဲ့ပြီထင်တဲ့အမှားတစ်ခုကလည်း ဘတ်ခ်ဟျွန်းလတ်တလောကြုံတွေ့နေရတဲ့ ပြဿနာတစ်ရပ်။ ချန်းယောလ်နဲ့ ဘတ်ခ်ဟျွန်းက ဌာနမတူတာကြောင့် အတန်းချိန်တွေ ကွဲပြားနေတာရယ် အတန်းထဲမှာ ကြုံတွေ့ဆက်ဆံနေရတဲ့သူတွေမတူတာရယ်နဲ့ ဘတ်ခ်ဟျွန်းမသိတဲ့ ချန်းယောလ်ဘက်အခြမ်းတွေကို နောက်ပိုင်းမှာ မြင်လာရတယ်။ ဘတ်ခ်ဟျွန်းမသိသော လည်ပင်းဖက်ပေါင်းနေတဲ့ အပေါင်းအသင်းတစ်ချို့ရယ်နဲ့ ချန်းယောလ်ကို ကြိုက်နှစ်သက်နေတဲ့ အမျိုးသမီးတွေအကြောင်းကိုလည်း တစ်စွန်းတစ်စသိလာရပြီ။ သ၀န်တိုတာလို့လည်း ခေါင်းစဉ်တပ်မရတဲ့ ခံစားချက်နဲ့ နေမထိထိုင်မသာ ဖြစ်သော နေ့ရက်တွေနဲ့ အချိန်ကုန်နေခဲ့တာ ချန်းယောလ်ကတော့ သိမည်မဟုတ်။
"ဘတ်ခ်ဟျွန်းနီး..."
"ဟင်..."
"ခဏ ကိုယ့်ဆီ လာပါဦး "
အခု ဘတ်ခ်ဟျွန်းရောက်နေတာက ချန်းယောလ်တိုက်ခန်းဆီမှာဖြစ်ပြီး ဧည့်ခန်းထဲ TV ကြည့်ရင်း တစ်ယောက်တည်းထိုင်ကာ အတွေးများနေတုံး စတူဒီယိုအခန်းဆီက ချန်းယောလ်မှ ခေါ်လာခြင်းဖြစ်သည်။
"ချန်းယောလ်လီ... ဘာကြီးလဲ "
တံခါးတွန်းဖွင့်ရင်း မေးမိတော့ PC မှ အကြည့်မခွာပဲ လက်နဲ့ပဲ နောက်ပြန်ခေါ်နေသူကြောင့် အနားတိုးကပ်သွားလိုက်တော့ သူ့ခေါင်းမှာ တပ်ထားတဲ့ နားကြပ်ကို ချွတ်ကာ ဘတ်ခ်ဟျွန်းခေါင်းထက် တပ်ဆင်ပေးလာသည်။
"ဒါလေး နားထောင်ကြည့် ကိုယ်လုပ်ထားတဲ့ beat လေး ပြီးရင် ကိုယ့်ကို ဘယ်လိုနေလဲ ပြောပြ "
နားထဲ စီးဝင်လာတဲ့ သံစဉ်က တငြိမ့်ငြိမ့်နဲ့ကောင်းမွန်လှမှန်းတော့ ဘတ်ခ်ဟျွန်းသိသည်။ တစ်ချက်တစ်ချက်မှာ ပါဝင်လာတဲ့ drum အသံက သံစဉ်ကို ပိုကြွစေသယောင်။ နားထောင်ပြီးသွားတော့ မတ်တပ်ရပ်လျက်ရှိတဲ့ ဘတ်ခ်ဟျွန်းခါးကို လက်တွေနဲ့ ပွေ့ဖက်လာသူက ထိုင်ခုံမှာ ထိုင်လျက်နှင့် အကြည့်တွေက ဘယ်လိုနေလဲ ပြောပြဆိုသော အရိပ်ယောင်နဲ့ ဘတ်ခ်ဟျွန်းကို မော့ကြည့်နေသည်။
