-unicode-
- ဘတ်ခ်ဟျွန်းနီး နေကောင်းလား ငါတို့ ဒီညနေ တွေ့ကြ|-
"အာ မဟုတ်သေးပါဘူး နေကောင်းလားက ဘာတုံး ပတ်ချန်းယောလ်ရ "
ကိုယ့်ဘာသာ စိတ်တိုစွာ ပြောရင်း ဖုန်းရဲ့ မက်ဆေ့ချ်စာမျက်နှာမှာ ရိုက်လက်စ စာများကို ပြန်ဖြတ်လိုက် ပြန်ရေးလိုက်နှင့် အလုပ်ရှုပ်နေမိသည်။
- ဆေးလိပ်တွေလျော့သောက်နော် ဘတ်ခ်ဟျွန်းနီး မင်းအားရင် ဒီညနေ တွေ့ကြရ|-
" ဆေးလိပ်လျော့သောက်ကကော ဘာတုံး ဘတ်ခ်ဟျွန်းနီးက ဆရာကြီးလုပ်တယ်ထင်သွားမှာပေါ့ ငတုံးရ "
လက်ဖနောင့်နဲ့ ကိုယ့်နဖူးကိုထုရင်း နောက်စာတစ်စောင်ဟာလည်း ပြန်ဖြတ်လိုက်ပြန်ပြီဖြစ်သည်။
ဒီညနေတွေ့ကြရအောင် ဆိုတဲ့ စာတစ်စောင်တောင် လွတ်လွတ်ကျွတ်ကျွတ်မပို့နိုင်တဲ့အထိ ဘာတွေစိုးရိမ်နေမိမှန်း ချန်းယောလ်ကိုယ်တိုင်လည်း အဖြေမရှာနိုင်ပါ။ ချန်းယောလ်ရဲ့ရင်ထဲက ဆန္ဒတွေ ပြင်းပြနေတဲ့အကြောင်းအရင်းဟာ တစ်ခုတည်းသာ ဘတ်ခ်ဟျွန်းနီးကို တွေ့ချင် မြင်ချင်တာပဲဖြစ်သည်။
နေကောင်းလား မေးချင်တာကလည်း စိတ်ထဲက ပူပန်မှုတွေဖြစ်ပြီး ဆေးလိပ် စသောက်တတ်နေသူကြောင့် ဆေးလိပ်တွေ လျော့သောက်စေချင်တာလည်း တစ်စိတ်တစ်ပိုင်းသော စိုးရိမ်မှုတွေဖြစ်သည်။ နောက်ဆုံးမှာတော့ စာတစ်စောင်တောင် မပို့နိုင်ပဲ ဖုန်းပိတ်ကာ စာသင်ခုံပေါ်ပဲ မှောက်နေလိုက်သည်။
ဘယ်လိုလုပ်မလဲ ဘတ်ခ်ဟျွန်းနီးနဲ့ အရမ်းတွေ့ချင်နေတယ်။
"ချန်းယောလ် နေမကောင်းဘူးလား "
ဟန်ဂျင်ဆူးရဲ့ အသံနဲ့ အတူ ပုခုံးပေါ်က အထိအတွေ့ကြောင့် မှောက်နေတဲ့ ခန္ဓာကိုယ်က အလိုလျောက် ပြန်မတ်ပြီးသွားသလို ထိုင်နေတဲ့ခုံတန်းရဲ့ ဘေးအစွန်ဘက်ကိုလည်း ရွေ့ပြီးသားဖြစ်သွားသည်။ လေထဲမှာ တန့်နေတဲ့ ဟန်ဂျင်ဆူးလက်တွေဟာ ခုံပေါ်တင်မလို ဆံပင်သပ်မလိုနဲ့ လက်ပြန်ရုတ်သွားသည်။
"ကျွန်တော့်ကို အခုလိုမျိုး လာမထိပါနဲ့ သူစိမ်းတွေ အသားလာထိရင် မကြိုက်လို့ "