အပိုင်း(၈) ဇာတိ ပုည ဂုဏ်မာန

1.9K 280 50
                                        

တစ်လောကလုံး အိပ်မောကျနေတဲ့ ညသန်းခေါင်ကြီးမှာ သမားတော် အဖိုးအိုက မအိပ်စက်နိုင်ဘဲ သောကရောက်နေရတယ်။ မွေးကတည်းက ဖျားနာခဲလှသော အဖိုးအိုရဲ့ မြေးငယ်က အဖျားတငွေ့ငွေ့နဲ့ အိပ်ယာထဲ ခွေနေခဲ့တာ ဒီနေ့နဲ့ဆို ခုနစ်ရက်လောက် ရှိနေပြီ ဖြစ်တယ်။ ညဉ့်နက်သန်းခေါင်ကြီး ကယောင်ကတမ်း ညည်းညူလို့ အပူတွေကြီးနေတဲ့ မြေးငယ်ကို ရေပတ်ဝတ်တင်ပေးရင်း အနားမှာ ထိုင်စောင့်နေရတယ်။

ငယ်စဉ်ကတည်းက အမိ အဖရယ်လို့ ချွဲနွဲ့တွယ်တာစရာ မရှိခဲ့ဘဲ အိုမင်းရင့်ရော်နေတဲ့ အဖိုးအို အဖွားအိုတို့ကို နိုင်သမျှ ခွန်အားလေးနဲ့ ပြုစုရင်း ကြီးပြင်းရတဲ့ မြေးငယ်ကို ကရုဏာသက်စွာ ငေးကြည့်နေမိတယ်။ မြေးငယ်ကို ကြည့်ရင်း သမားတော်ကြီးဟာ သူရဲ့ သမီးဖြစ်သူကို တမ်းတလွမ်းဆွတ်လာရတယ်။

ကလေးမီးဖွားရင်း ဆုံးပါးသွားခဲ့တဲ့ အဖိုးအိုရဲ့ တစ်ဦးတည်းသော သမီးလေးဟာ တောင်ပေါ်ရွာသူ သူ့မိခင်နဲ့တူတဲ့ စရိုက်ရှိလို့ အလွန်ကို ရဲရင့်သွက်လက်တယ်။ ဟိုးတောင်ပေါ်က ကိုယ်ခံပညာကျောင်းမှာ ပညာသင်ချင်တယ်လို့ ပူဆာလို့ ဆေးဆရာကတော်က အဲ့ဒီက ဘုန်းတော်ကြီးတွေဆီ ကိုယ်တိုင် သွားအပ်ပေးခဲ့ပေမယ့် မိန်းကလေး တပည့် လက်မခံတာကြောင့် ပြန်ခေါ်လာခဲ့ရတယ်။

အရွယ်ရောက်လာတဲ့အခါမှာလည်း သိမ်သိမ်မွေ့မွေ့မရှိခဲ့ဘဲ မတရားဘူးထင်ရင် ဘယ်ကိစ္စမဆို ငြိမ်မခံတတ်တဲ့ ဆတ်ဆတ်ကြဲ မိန်းမပျိုလေး တစ်ယောက် ဖြစ်ခဲ့တယ်။ တစ်နေ့တော့ တောင်ပေါ်ကျောင်းကနေ ပညာစုံလို့ ပြန်ဆင်းလာကြတဲ့ ကိုယ်ခံပညာရှင် ကျောင်းသားတစ်စုဟာ သမားတော်အဖိုးအိုတို့ ရွာမှာ တစ်ထောက်ဝင်နားကြတယ်။

အဲ့ဒီအချိန်ကာလတုန်းက ဒီတောင်စဉ်တစ်ကြောက ရွာတွေမှာ မင်းအာဏာစက် မသက်ရောက်နိုင်ဘဲ ကိုယ်ထူကိုယ်ထ အုပ်ချုပ်နေကြရတာ ဖြစ်တယ်။ ဒါကို အခွင့်ကောင်းယူလို့ လူသတ် ဓားပြတိုက်တဲ့ ဖြစ်ရပ်တွေကလည်း ခပ်စိပ်စိပ် ဖြစ်နေခဲ့တယ်။

အဲ့ဒါကြောင့် လက်ရုံးရည်ပြည့်စုံခဲ့ပြီးတဲ့ ကျောင်းသား လူရွယ်တစ်စုဟာ သမားတော်ကြီးတို့ ရွာမှာ အခြေစိုက်ပြီး အနီးပတ်ဝန်းကျင်ရွာတွေ အားလုံးကို ကာကွယ်ရေး အစီအမံတွေ သင်ကြားပေးခဲ့ကြတယ်။ သမားတော်ကြီးရဲ့ သမီးငယ်ဟာ အဲ့ဒီအဖွဲ့ထဲက ခေါင်းဆောင်လူရွယ်နဲ့ သံယောဇဉ်တွယ်ခဲ့ကြတယ်။

ကြယ်တွေကြွေရင် မှဲ့ကလေးတစ်ပေါက်အဖြစ် ဝင်စားတတ်သလားWhere stories live. Discover now