အပိုင်း (၄) ခွန်းဆိုသင့်၏ မသင့်၏

2.1K 298 34
                                        


မိုးလင်းခါနီးမှ စာရေးခြင်းအမှုက အပြီးသတ်သွားတယ်။ ဝမ်ရိပေါ်က အနီဖျော့ဖျော့အရောင်ရှိတဲ့ မှန်ဇာစက္ကူလှလှကို တယုတယ ဖြန့်လို့ လက်ရေးအလှဆုံးဖြစ်အောင် ကူးရေးတယ်။ ဒီစက္ကူက အဖြူသက်သက်သာ ဝယ်လို့ရတာဖြစ်ပြီး ဒီလို အရောင်ရဖို့ တောပန်းနီနီတွေကို ခြေပြီး အရည်ငင်ယူထားတဲ့ အနီရောင်နဲ့ သူကိုယ်တိုင် ဆိုးထားရတာ။

စာလှလှ စီပြီးသွားတော့ ညကတည်းက ရေစိမ်ထားလို့ ပျော့နေတဲ့ ပန်းပွင့်ချပ်တွေကို စာရွက်ထောင့်မှာ ပုံစံတကျ ကပ်တယ်။ ပြီးတော့ လေသလပ်ခံဖို့ ပြတင်းနားမှာ စာရွက်ဖိတဲ့ သစ်သားတုံးလေးနဲ့ ဖိပြီး ထားခဲ့တယ်။နောက်တော့ စိတ်ကျေနပ်စွာဘဲ အကြောတွေဆန့်လို့ မီးဖိုချောင်ဆီ မနက်စာသွားချက်တော့တယ်။

ဝမ်ရိပေါ်ကို ရွာထဲက သူငယ်ချင်းမလေး မိန်အာက ဒီလိုစက္ကူအရောင်ဆိုးပြီး အလှဆင်တဲ့ နည်းလမ်းကို ပြောပြခဲ့တာ ဖြစ်တယ်။ မိန်အာက မြို့တော်နားက ရွာကြီးတစ်ရွာမှာ ခဏသွားနေခဲ့ဖူးတော့ မြို့တော်ကအကြောင်းတွေ သူငယ်ချင်းတွေကို ဖောက်သည်ချတတ်တယ်။

အဲ့ဒီက ပညာတတ် မိန်းမပျို ယောက်ျားပျိုတွေဟာ ဒီလို အလှဆင်ထားတဲ့ စာရွက်နဲ့ ကဗျာတွေ အပြန်အလှန် ရေးပေးပြီး မိတ်ဖွဲ့ရတာကို သိပ်သဘောကျကြတာလို့ ပြောဖူးတယ်။ ဝမ်ရိပေါ်က သူပြောချင်တာတွေကို ရှောင်းကျန့်က သေချာ သဘောမပေါက်ရင်တောင် သူ့စာထဲက စကားတွေကို မေ့မသွားစေချင်လို့ ရှောင်းကျန့် အလေးထားလောက်မယ့် နည်းလမ်းနဲ့ ကြိုးစားပြီး ရေးပေးချင်ခဲ့တာ။

သူက စနစ်တကျ စာသင်ခဲ့ရတဲ့ လူမဟုတ်ဘဲ အဖိုးသင်ပေးသမျှနဲ့ ရှိသမျှအချိန်လေးတွေမှာ ဖတ်မှတ်လေ့လာ ထားသလောက်သာ တတ်တာကြောင့် သူ့ရဲ့ပေးစာ အရေးအသားဟာ ဘယ်အဆင့်ရှိမယ်ဆိုတာ သူမသိဘူး။ အဲ့လိုပဲ စာထဲမှာရေးထားတဲ့ ဆိုလိုရင်းကလည်း သူကိုယ်တိုင်တောင် ရှုပ်ထွေးနေသေးတဲ့ အတွေးတွေကနေ လာတာမို့ သူကိုယ်တိုင်လည်း အတိအကျ မပြောပြတတ်ဘူး။

ရေးထားတာက သူခံစားရတာ အကုန်ပဲ ဖြစ်တယ်။ ဒါက လိုအပ်လား မလိုအပ်လား သူမသိပေမယ့် သူတနည်းနည်းနဲ့တော့ ဒီအကိုကို ပြောပြရမှ ဖြစ်မှာမို့ သူရေးလိုက်ရုံပါပဲ။

ကြယ်တွေကြွေရင် မှဲ့ကလေးတစ်ပေါက်အဖြစ် ဝင်စားတတ်သလားWhere stories live. Discover now