ညသန်းခေါင်ကို ချဉ်းခဲ့ပြီမို့ ရှောင်းအိမ်တော်တစ်ခုလုံး အိပ်မောကျနေကြပြီ။ အိမ်တော်သခင်လေးရဲ့ အခန်းငယ်ဟာလည်း တခြားအဆောင်ခန်းတွေလိုပဲ မီးမှောင်ကျလို့ တိတ်ဆိတ်နေသယောင်ပါပဲ။ ဒါပေမဲ့ လရောင်ဖျော့ဖျော့သာ လင်းနေတဲ့ အဆောင်ခန်းငယ်ထဲမှာ အိပ်စက်လို့ မပျော်နိုင်တဲ့ ရှောင်းသခင်လေး တစ်ယောက်ကိုတော့ ဘယ်သူမှ သတိမူမိကြမယ် မဟုတ်ဘူး။
လူမမြင်အောင် ခပ်ဟဟပဲ ဖွင့်ထားတဲ့ ပြတင်းတံခါးရွက် နှစ်ခုကြားကနေ လရောင်တန်းကလေးက မျဉ်းဖြောင့်တစ်ကြောင်းလို ဖြောင့်တန်းစွာ ကျလို့ရယ်။ ရှောင်းသခင်လေး ထိုင်နေတဲ့ ရှေ့က စာရေးစားပွဲပေါ်မှာ ဖြန့်ခင်းထားတဲ့ ပုံတူ ပန်းချီတစ်ချပ်ကို အဲ့ဒီလရောင်က ထောင့်ဖြတ်မျဉ်း ဆွဲထားသလိုမျိုးပဲ။ ပန်းချီကားထဲက လူငယ်လေးရဲ့ ပုံကို စိုက်ကြည့်နေတဲ့ ရှောင်းသခင်လေးရဲ့ မျက်ဝန်းတွေမှာတော့ ငွေ့ရည်တွေဖွဲ့နေသယောင် လက်ဖြာနေတယ်။
မနက်ကတည်းက ဆင်ယင်ထားခဲ့တဲ့ တောကစား ဝတ်စုံကလေးဟာ ရှောင်းသခင်လေးရဲ့ ကိုယ်ပေါ်မှာ ခုထိ လဲလှယ်ခြင်း မပြုရသေးဘူး။ သူ စောင့်မျှော်နေတဲ့ တစ်ယောက်ကလည်း ရောက်မှမလာခဲ့တာ။ တောင်ပေါ်ရွာလေးမှာ ရှိစဉ်တုန်းက မနက်မိုးလင်းကနေ နေဝင်တဲ့အထိ အမြဲမြင်တွေ့နေခဲ့ရတဲ့ လူက အခုတော့ မျက်နှာတောင် တစ်ချက်မမြင်ရတာ လအတန်ကြာ ရှိခဲ့ပြီ။
ရှောင်းသခင်လေးက ဒီရက်တွေမှာ အစွမ်းကုန် နားလည်နိုင်ဖို့ ကြိုးစားတယ်။ နေရာအဆင့်အတန်းတွေ အခြေအနေတွေက ကွာခြားသွားပြီမို့ တစ်ချိန်ကလို သူ့မျက်နှာရိပ် မျက်နှာကဲကြည့်ပြီး အသေးအဖွဲကစ မလစ်ဟင်းအောင် ဖြည့်ဆည်းနေတတ်တဲ့ ဂရုစိုက်ယုယမှုမျိုးကို ပြန်လိုချင်နေလို့မှ မဖြစ်ဘဲ။ သူနေတတ်အောင် နေပါတယ်။ ဒါပေမဲ့ စာတစ်တန် ပေတစ်ဖွဲ့နဲ့ အတိအကျ ချိန်းဆိုထားပြီးမှ အကြောင်းအရင်း မသိရဘဲ ပေါ်မလာတာမျိုးထိတော့ မကြည်ဖြူချင်တော့တာ အမှန်ပဲ။
နေ့ရက်နဲ့ အချိန်များ အမှတ်မှားသလားလို့ တစ်နေကုန် အကြိမ်ကြိမ် ဖွင့်ကြည့်ခဲ့ပြီးသား စာကို ထပ်ပြီးဖွင့်ဖတ်တယ်။ ဒီကနေ့ လဆန်း ၁၄ ရက်နေ့ ဆိုတာ အသေအချာ ရေးထားတာမို့ မှားစရာအကြောင်းက ရှာမတွေ့ပြန်ဘူး။ မနက်ကတည်းက တောကစားသွားဖို့ ရှောင်းသခင်ကြီးကိုတောင် သူခွင့်တောင်းခဲ့သေးတာ။ အဝတ်ပြင်ဆင်ပေးကြတဲ့ စစ်သူကြီး အိမ်တော်က အစေခံမလေးတွေလည်း အကုန်သိကြတယ်။ ဒါပေမဲ့ လာခေါ်မယ့်သူက ရောက်မလာတော့ သခင်လေးရှောင်းကျန့်မှာ နောက်နေ့ အိမ်တော်ကလူတွေကို မျက်နှာချင်းဆိုင်ရမှာတောင် အခက်တွေ့နေရပြီ။

YOU ARE READING
ကြယ်တွေကြွေရင် မှဲ့ကလေးတစ်ပေါက်အဖြစ် ဝင်စားတတ်သလား
RomanceType - Historical Fanfiction OTP - BJYX Genere - Romance Author Note - Apology in advance for insufficient research about geological facts and era related traditions/names. This fiction is all about imaginations. Medical related things are just my l...