အပိုင်း (၂) နောက်ဆုံးနှင်းနဲ့ အတူကြွေ

3.1K 348 53
                                    

အရုဏ်တက်လို့ ရောင်နီလာတဲ့အချိန်မှာ ဝမ်ရိပေါ်က အိပ်ယာက ထရတယ်။ တစ်နေ့တာလုံး တကုတ်ကုတ်နဲ့ လုပ်စရာကိစ္စလေးတွေက အများအပြား ရှိနေတတ်တယ်။ ဆေးမြစ် ဆေးရွက်တွေကို အမြဲမပြတ် လုံလောက်နေအောင် ထိန်းသိမ်းဖြည့်တင်းနေရတဲ့ ကိစ္စရပ်ဟာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူး။

ဆေးမြစ်/ဆေးပင် တစ်ခုကို အစိုဓာတ် လုံးဝမကျန်သည်အထိ အခြောက်ခံပြီး သိမ်းရမှာလား၊ လတ်လတ်ဆတ်ဆတ် ခူးလာ၊ တူးလာတာ ကို ပြာချ/ မီးသင်း ပြီး သိမ်းရမှာလား၊ နှမ်းဆီတို့ သေရည်တို့နဲ့ စိမ်ပြီး သိမ်းရမှာလား ဆိုတဲ့နည်းလမ်းတွေက  အမျိုးမျိုးအဖုံဖုံ ရှိတယ်။ ရှာထား၊ သိမ်းထားပြီးရုံနဲ့လည်း မပြီးဘဲ ဆေးအာနိသင် မပျက်စီးအောင် အပူဒဏ် အအေးဒဏ်ကအစ ကာကွယ် ထိန်းသိမ်းရသေးတယ်။

ဒီတောင်တကြောက ရွာတွေအတွက် တစ်ဦးတည်းသော အားကိုးရာ ဆေးဆရာကြီးရဲ့ အိမ်ဆိုတော့ နေ့တိုင်း ဆေးသိုလှောင်ရုံထဲက စဉ့်အိုးတွေ၊ သစ်သားအံဆွဲတွေ၊ လျှော်ကြိုးနဲ့ချည်တွဲထားတဲ့ အပင်ခြောက်တွေကို သွင်းချည် ထုတ်ချည်နဲ့ အလုပ်များရတယ်။ ဒါတွေကို ဝမ်ရိပေါ်က  သိတတ်စ အရွယ်ကတည်းက အဖိုးဝေယျာဝစ္စတွေ တစ်ဖက် ထင်းခွဲ၊ ခြံရှင်း၊ ထမင်းချက်တာ တစ်ဖက်နဲ့ တစ်ယောက်တည်းပဲ သင်ယူရင်း တဖြည်းဖြည်း လုပ်လာတာမို့ အတော်လေး နိုင်နင်းနေပြီ ဖြစ်တယ်။

အခုလို အနားမှာလာထိုင်ပြီး ဝါးပေလိပ်တစ်ခုနဲ့ ကညစ်တစ်ချောင်းကိုင်လို့ စစ်စစ်ပေါက်ပေါက် မေးခွန်းတွေ မေးလိုက် ချရေးလိုက် လုပ်နေမယ့် ကူဖော်လောင်ဖက် တစ်ယောက် တကယ်ကို မလိုအပ်တာ သေချာတယ်။ ဒါပေမယ့် တုံးအချင်ယောင် ဆောင်ထားတဲ့ ကျေးတောသားလေးဟာ အရာရာအကုန် သိချင်နေတဲ့ သခင်လေးရဲ့ အကူအညီဆိုတာတွေကို မငြိုမငြင် ရယူပြီး အမျှင်မပြတ် အဖြေတွေ ဖြေပေးနေတာပါပဲ။

မနက်ခင်း နေရောင်ခြည် နွေးနွေး အောက်မှာ အပြာဖျော့ဖျော့ ဝတ်ရုံရှည်ကို အပေါ်က ဝက်ဝံရေ သားမွေးခြုံထည် နက်နက်စိုစိုလေး ထပ်ဝတ်ပြီး ဝမ်ရိပေါ် ဆေးသိုလှောင်ရုံနဲ့ ခြံဝိုင်းထဲက မြေကွက်လပ်ဆီ သွားချည်ပြန်ချည် အလုပ်လုပ်နေတာကို ထိုင်ရှုပ်နေတဲ့ ရှောင်းကျန့်က တကယ်တော့ သူ့စိတ်ထဲမှာ အလေးအနက်ကို ဒီဆေးပင် ဆေးမြစ်တွေအကြောင်း စိတ်ဝင်စားတာ ဖြစ်တယ်။

ကြယ်တွေကြွေရင် မှဲ့ကလေးတစ်ပေါက်အဖြစ် ဝင်စားတတ်သလားWhere stories live. Discover now