5. ဒေါ်လာ ၁၀ ပိုအဆင်ပြေတယ် မဟုတ်လား (Unicode)

1K 66 2
                                        

"ဟေး..နိုအာ အလုပ်ဆင်းလို့ရပြီ ၅နာရီထိုးပြီ နားလိုက်တော့''

ဒါရိုက်တာ ဂျွန် လှမ်းပြောကာမှ စာဖိုင်တွေကြားထဲ ခေါင်းနှစ်နေသော နိုအာတစ်ယောက် မော့ကြည့်လာလေသည်။

"ဟုတ်..ကျွန်တော် ဒီစာမျက်နှာပြီးရင် အလုပ်နားလိုက်ပါမယ် ဒါရိုက်တာ ဂျွန်''

"အိုကေ''

ကြည့်လက်စ စာမျက်နှာသို့ ခေါင်းအပ်သွားသည့် နိုအာ အား ဂျွန် ကြည့်ကာ သူ့ကွန်ပျူတာအား ပိတ်လိုက်သည်။ စားပွဲရှိ စာရွက်စာတမ်းများကိုစုစည်းကာ အထပ်လိုက်ထားလိုက်သည်။ တက်ဒီကိုပေးရမည့် ဖိုင်အား ကိုင်ကာ ရုံးအခန်းထဲမှ အကောင့်ဌာနသို့ သွားလေသည်။ မိနစ် ၂၀ ကြာပြီးနောက် အကောင့်ဌာနမှ ဂျွန် သူ့အခန်းထဲသို့ ပြန်ရောက်သည့်အခါ နိုအာ့အား မတွေ့ရတော့ပေ။ လစ်လပ်နေသော ထိုင်ခုံနှင့် သပ်ရပ်နေသော စားပွဲကိုသာရှိနေတော့သည်။

Dream Island တည်ရှိသည့် တာဝါနှင့် မနီးမဝေးတွင် ဘတ်စ်ကားမှတ်တိုင်ရှိလေသည်။ ထိုဘတ်စ်ကားမှတ်တိုင်တွင် နိုအာတစ်ယောက် အဆောင်သို့ပြန်ရန် ကားစောင့်နေလေသည်။ ဆစ်ဒနီမြို့ (Sydney) မှာ အများသုံးသယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုကြသော WeinMobil App ကို နိုအာ ဖွင့်ကြည့်လိုက်သည့်အခါ ဘတ်စ်ကားရောက်ဖို့ ၂၅ မိနစ်ကြာစောင့်နေရဦးမည်ကို တွေ့လိုက်ရသည်။ တက်စီစီးလျှင်ပို၍ အချိန်ကုန်သက်သာမည်ဆိုသော်လည်း ဘတ်စ်ကားခ ၁၀ ဒေါ်လာထက် စျေးပိုပေးရသည်မို့ နိုအာမရွေးချယ်ပေ။

တီ....တီ....🔊......🔊

ကားဟွန်းသံ ကြောင့် နိုအာ ထိုင်ခုံမှ လမ်းမကြောင်းဘက်သို့ လှမ်းကြည့်လိုက်သည်။ မျှော်လင့်ထားသည့် ဘတ်စ်ကားတော့ မဟုတ်၊ နိုအာသဘောကျသည့် အဖြူရောင် ဘီအမ်ဒဗျူ (BMW) ကားသာဖြစ်လေသည်။ ထိုကားမှာ မှတ်တိုင်ရှေ့တည့်တည့် ရပ်လာပြီး Driver နေရာမှ ကားမှန်နိမ့်ဆင်းသွားပြီးနောက် ဒါရိုက်တာ ဂျွန်၏ မျက်နှာပေါ်လာလေသည်။ နိုအာ ထိုင်ခုံမှ မတ်တပ်ရပ်ကာ ခေါင်းအသာငြိမ့်၍ ဂျွန့်အား အသံတိတ် နူတ်ဆက်လိုက်လေသည်။

"နိုအာ...ဘယ်မှာနေတာလဲ... လာ ကားပေါ်တက် ကိုယ်လိုက်ပို့ပေးမယ်''

ARE YOU 18? [COMPLETED]Where stories live. Discover now