Unicode
ပတ်ဝန်းကျင်တစ်ခွင်လုံးသည် အစိမ်းရောင်သုတ်ဆေးများ လောင်းချထားသည့်နှယ် စိမ်းစိမ်းစိုနေသည်။ အစိမ်းသည်ပင် စိမ်းလန်းခြင်းကိုမဆောင်။ ဤအစိမ်းရောင်သည် မျက်စိကို မအေးစေ။ စိတ်ကို မလွင့်လန်းစေ။ ချုပ်တည်းခြင်းကိုသာ ဖြစ်စေ၏။ရှုပ်ထွေးပွေလီစေ၏။ ကျဥ်းကြပ်ပိတ်မိစေ၏။ဤအစိမ်းသည် ခြောက်ခြားစေသော အစိမ်း၊ မှောက်မှားစေသောအစိမ်း၊ ဝေဝါးစေသောအစိမ်း၊ ဖောက်ပြားစေသော အစိမ်း။ကြည်သာ ထိုအစိမ်းတို့ကို မမြင်လိုရကား မျက်စိကို စုံမှိတ်လိုက်သည်။
ထို့နောက် တဖြည်းချင်း ပြန်ဖွင့်၏။ အစိမ်းရောင် မြေအောက်ခန်းထဲတွင် သူမ ပိတ်မိနေသည်။ နံဘေးနားက အစိမ်းရောင်သေတ္တာ၊ အစိမ်းရောင် တူ၊ လွှ စသည့် လက်သမားသုံးပစ္စည်းများ၊ ညှီနံ့ရနေသည့် ကြမ်းပြင်ရှိ အစိမ်းရောင် သွေးကွက်များ။ မြေအောက်ခန်းတံခါးကို ဖွင့်လိုက်သံ “ကျီခနဲ” ကြားရ၏။ တစ်ဆက်တည်းမှာပင် “ဘိုင်း” ဟူသော ပြန်ပိတ်လိုက်သံနှင့်အတူ လှေကားမှဆင်းလာဟန် ခြေသံသဲ့သဲ့ကို ကြားရ၏။
“ဖေဖေ”
သူ(မ) ကြောက်ရွံ့တုန်ရီစွာ ရေရွတ်၏။
”သမီးကို မသတ်ပါနဲ့နော်” ။
သို့သော် အသံကမူ ပွင့်အံ ထွက်ကျမလာ။ သေချာစွာ ကြည့်လိုက်မိသည်တွင် ဖေဖေသည်လည်း အစိမ်းရောင်၊ ထို့အပြင် ဝတ်လစ်စားလစ် ဖြင့်။ ကြည်သာ ဒူးနှစ်ဖက်ကို ထောင်ထားကာ လက်ဖြင့် တင်းကြပ်နေအောင် ပိုက်ထား၏။ သူမ တစ်ကိုယ်လုံး တုန်ရီနေပုံပေါ်သည်။ ချွေးစေးများသည် သူမ၏ ကြောက်စိတ်ကို လှစ်ဟဖွင့်ပြနေသည်။ ခြေသံသည် နီးသည်ထက် နီးလာသည်။”ဖေဖေ”သည် သူ့အပါး ဒူးထောက်ထိုင်ချ၏။ သူ့ကိုယ်လုံးကို ပွတ်သပ်ကျီစယ်၏။
“ဖေဖေ့သမီးလေးတောင် ဒီအရွယ်ရောက်နေပြီ” ။
ထိုအသံသည် ပဲ့တင်ထပ်လျက်။ ကြည်သာ ငယ်သံပါအောင် ဖျစ်ညှစ်ကာ အော်လိုက်၏။
“ကယ်ကြပါဦး”။
ကယ်ကြပါဦး ဟူသော အော်သံနှင့်အတူ ကြည်သာ တရားရုံးတစ်ခုတွင် လန့်နိုးလာသည်။ တရားရုံးသည် အစိမ်းရောင် သုတ်ထားသော အဆောက်အဦးတစ်ခု။ သူမကို ပြုံးကာလှည့်ကြည့်သော အစိမ်းရောင်ရှေ့နေမ။ တရားစီရင်ခြင်းကို လာရောက် ရှုမြင်ကြသော အစိမ်းရောင် လူများ။ တရားစီရင်ချက် ချလိုက်သော အစိမ်းရောင် တရားသူကြီး၏ gavel ထုရိုက်သံ။ထို့နောက် လက်ထိပ်တန်းလန်းနှင့် အစိမ်းရောင် ဖေဖေ။ “ငါပြန်လာခဲ့မယ် ကောင်မ” ။ သူ့ကို စူးစိုက်ကြည့်ကာ ပြောသွားသော ထိုစကား။