Unicode
ကြည်သာ မှင်မထွက်သော ဘောပင်ကို နှစ်ချက် သုံးချက်မျှ လှုပ်ကာ စာရွက်ပေါ် ချရေး၏။သူ(မ)မနက်ပိုင်း စာရေးသည်မှာ ရှားပါသည်။ သို့သော် ညဘက်တုန်းက ခြောက်အိပ်မက်တချို့ကြောင့် စာမရေးဖြစ်။ ထို့ကြောင့် ဤမနက်တွင်မှ စာရေးဖို့ ဟန်ပြင်ရသည်။ သူမသည် Psychopath နှင့် Serial killer များအား စိတ်ဝင်စားသဖြင့် သူတို့အကြောင်းရေးရန် စာရင်းပြုစုနေရခြင်းပင်။ မှတ်သင့်တန်မှတ်၊ ဖျက်သင့်တန်ဖျက်ဖြင့် အလုပ်အတော်ရှုပ်လျက်။ လူသတ်ဝတ္ထု စရေးမည်ဟု စဥ်းစားစဥ်က အတော်ပင် စိတ်ခြောက်ခြားခဲ့ရသည်။ စိတ်ကိုလည်း အချိန်ယူပြင်ဆင်ခဲ့ရသည်။ ငယ်စဥ်က ဝေဒနါ ဒဏ်ရာအချို့ ပြန်လည် ထွက်ပြူလာမည်လောဟု တွေးကြောက်ရသည်။ စင်စစ်ပင် ယခုထိ ညတိုင်းလိုလို ငယ်စဥ်ကဖြစ်ပွားခဲ့သည့် အမှန်တရားများကို အစိမ်းပုတ်ရောင် ခြောက်အိပ်မက်များသဖွယ် ပြန်မက်လျက်ရှိသည်ပင်။ သို့သော် သူ မမှု။ သူ့ငယ်ဘဝအကြောင်းအရာကို ပြန်ရေးမည်ဟု တွေး၏။ ထို့အတွက်ကြောင့်လည်း စာရေးရသည်မှာ ပိုမိုလွယ်ကူဟန် ထင်လာသည်။ သို့သော် စိတ်ကမူ မပျော်ပိုက်။ အချိန်ပြည့် လေးလံ ထုံထိုင်းလျက်ရှိသည်။
စာကြည့်ခန်းက အတော်ပင် ရှုပ်ပွလျက်ရှိသည်။ ကြမ်းပြင်နှင့် စားပွဲခုံပေါ်တွင် ညက စိတ်လှုပ်ရှားလွန်ကဲမှုကြောင့် ဖွာထားသော ဆေးလိပ်တိုများဖြင့် ပြန့်ကျဲနေသည်။ ဆေးလိပ်ပြာခွက်၏ အပြင်သို့ လျှံထွက်ကျနေသော ပြာမှုန်များကလည်း စာရွက်အချို့နှင့် လူးလျက်။ အမှိုက်ပုံးနှင့် မဆံ့နိုင်လောက်အောင် များလွန်းသော ဆုတ်စာရွက်အပိုင်းအစများ၊ အခန်းကြမ်းပြင်မှ လှဲလျက် ထောင်လျက် ဘီယာဘူးခွံများ၊ အသင့်စားခေါက်ဆွဲဘူးများ၊ ဤသည်တို့ကို သူ အာရုံမစိုက်နိုင်၊ မစိုက်အား။ မှင်ကုန်ခါနီးနေသော ဘောပင်နှင့် မှတ်ရာခြစ်ရာ ရှုပ်ပွနေသော စာအုပ် တစ်အုပ်၊ ပွင့်လျက်laptop ။ ထိုအရာများကိုသာ ဂရုထားနိုင်သည်။
“John Wayne Gacy
-American Serial Killer and sex offender”
သွားပြီ၊ မှင်ကုန်သွားပြီ။
“ချီးပဲ” ကြည်သာ ထိုသို့ ဆဲရေးရင်း ဘောပင်ကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။သို့လျှင် ဘောပင်က ချော်ကာ အမှိုက်ပုံးထဲမဝင်ဘဲ ကြမ်းပြင်ပေါ်သို့သာ ကျလေသည်။ ကြည်သာ ဘောပင်ဘူးထဲမှ ဘောပင် အဝါရောင်လေးကို လှမ်းယူလိုက်သည်။ ထိုစဥ် ဆူညံစွာသော ရဲကားအသံကို ကြားလိုက်ရ၏။