5

340 16 1
                                    

Unicode

ထိုးလက်စချည်ကို ဆက်မထိုးချင်တော့။ စိတ်ပျက်လွန်းလှပြီ။ ချည်သဘက် တစ်ထည်ရ၍ ဘာများဖြစ်လာမည်နည်း။ ဘာများရမည်နည်း။ ကြည်သာ စိတ်ညစ်ညူးမိသည်။ အဝါရောင် ချည်လုံးကို ကြည့်ကာ စိတ်ထဲမှာ မျက်ဖြူလန်လောက်အောင် ပျင်းရိနေမိသည်။ အဘွားကြီး၏ ဖောင်ဖွဲ့တွတ်ထိုးနေသော ညောင်နာနာအသံကိုလည်း ဆက်နားမထောင်ချင်တော့။ သို့သော် ခေါင်းတညိတ်ညိတ်ဖြင့် အလေးထားဟန်ပြနေရသည်။ အဘွားကြီး သိပ်စကားများတာပဲ။ ကျီးကန်းအိုမကြီးနှင့်ပင်တူသေးသည်။ သူ့ပယောဂကြောင့် စိတ်မပါတပါဖြင့် ချည်ထိုးခြင်းအမှုကို သင်ယူတတ်မြောက်ခဲ့ရပြီ။ စိတ်မပါလက်မပါဖြင့် ချည်လာလာထိုးနေရသည်။ သစ်သားဆင်ဝင်အောက်ကလေးတွင် ကုလားထိုင်တစ်ယောက်တစ်လုံးချကာ အဘွားကြီး တစ်ယောက်နှင့် ပျင်းရိစရာအလုပ်ကို လုပ်နေရသည်။ ကြည်သာ့နေရာတွင် ဟိုကျောင်းဆရာမလေးဆိုလျှင် မလုပ်ချင်ဟု ငြင်းပစ်လိုက်မှာ သေချာသည်။ အဘွားကြီးကလည်း ကြည်သာ့ကို ထိုမိန်းမအကြောင်း အတင်းလာပြောလိမ့်မှာ သေချာသည်။ သို့မဟုတ် ထိုမိန်းမက ဤအလုပ်များကို စိတ်ဝင်စားသည်လည်း ဖြစ်ကောင်းဖြစ်လိမ့်မည်။

“ကျုုပ်ငယ်ငယ်က ကျုပ်အဘွားပြောဖူးတာ သတိရတယ်။ စောစောသေတဲ့လူက လောကရဲ့ ဒဏ်ကို နည်းနည်းပဲ ခံရတယ်...ကြာကြာနေလေ ဘဝရဲ့ ဆိုးသွမ်းမှုကြီးကို စုတ်တသပ်သပ်နဲ့ ထိုင်ကြည့်နေရလေပဲတဲ့....။ အဲ့တုန်းကတော့ ကျုပ်လည်း နားမလည်ဘူးပေါ့အေ။ ဖာသိဖာသာပေါ့။ နောက်တော့ ကျုပ်လည်း တဖြည်းဖြည်းနဲ့ သိလာတာပါပဲ။ လောကရဲ့ အဆိုးဓာတ်တွေကို စုတ်သပ်ထိုင်ကြည့်နေရတာ အတော်ကြာပြီ။ မကြည့်လို့လည်း မရဘူးလေ။ ဘာမှလုပ်လို့မှမရတာ။ လုပ်ဖို့လည်း သတ္တိမရှိပါဘူး။ ဒီမှာ သူငယ်မ....လောကမှာ အသက်ရှည်ရှည်နေရတဲ့လူက ဒုက္ခကို ကြိုးရှည်ရှည်နဲ့ အလှန်ခံနေရတာပဲ။ ဒါပေမယ့်လည်း အရှုံးမပေးတဲ့လူဟာ နိုင်တာပါပဲလေ“ဒါတောင်မှ တစ်ယောက်နဲ့ တစ်ယောက်က အနိူင်ယူပုံချင်း တူကြတာ မှတ်လို့လား။ တစ်ချို့ကျတော့ ထွက်ပြေးပြီး အနိုင်ယူကြတယ်၊ တချို့ကတော့ တည်မြဲနေထိုင်ရင်း အနိုင်ယူကြတယ်။ ကျုပ်ကတော့ ထွက်ပြေးတဲ့လူဟာ ရှုံးသူပဲလို့ ထင်တာပဲ။ ဒဏ်မခံနိုင်လို့ ဘဝကို နည်းမျိုးစုံနဲ့ စွန့်လွှတ်လိုက်ကြတာ အသိသာကြီး။ ညည်းလည်း အရှုံးမပေးနဲ့နော် ကြားလား”

မြေနီနီလမ်းကြား(Completed)Where stories live. Discover now