Unicode
“ဟင့်အင်း ကျမ မသတ်ဘူး...ကျမ ဘယ်သူ့ကိုမှ မသတ်ဘူး”
ကြည်သာသည် လေးဘက်လေးလန် ပိတ်ထားသော အလုံပိတ်အခန်းတစ်ခု၏ စားပွဲတစ်ဖက်တွင် ထိုင်နေရသည်။ ကို မြတ်မင်းက ကြည်သာ့မျက်နှာချင်းဆိုင်တွင် ထိုင်နေ၏။ ကြည်သာ့ကို ဝန်ခံလာစေရန် အမျိုးမျိုးလုပ်နေလေသည်။
“ဒီမယ် မကြည်သာ...ခင်ဗျားကို ခင်ဗျားရဲ့ အကြောင်းတွေ ပြန်ပြောပြရတာ တမျိုးတော့ ဖြစ်မှာပေမယ့် သေချာလေးနားထောင်ပေးပါ။ ခင်ဗျားလူသတ်ခဲ့တယ်။”
“ဟင့်အင်း ကျမမသတ်ဘူး”
ကြည်သာ၏ အကြောက်အလန့်မရှိ မျက်လုံးစိမ်းသည် တလက်လက် ထနေ၏။ သူ၏ မာနသည် သူ့မျက်လုံးကို ရောင်ပြန်ဟပ်နေလေသည်။
“ကျနော် ပြောတာ သေချာနားထောင်ပါ...။ခင်ဗျားလူသတ်ခဲ့တယ်။ ညဘက်တွေမှာ....”
“မဖြစ်နိုင်တာတွေ ...”
“ဟုတ်ပါတယ် မကြည်သာ၊ ခင်ဗျား ညဘက်တွေမှာ လူသတ်ခဲ့တယ်...ဒီလိုမှ မဟုတ်ရင်
ခင်ဗျား ညဘက်တွေ ဘာလုပ်နေပါသလဲ”
ကြည်သာသည် အနည်းငယ် အခက်တွေ့သွားရသည်။ ညဘက်တွေမှာ သူမ ဘာလုပ်နေခဲ့သည် ဟူသည်ကို အတန်ကြာသည်အထိ မစဉ်းစားနိုင်။ ဝေဝေဝါးဝါးအာရုံသည် သူမအား လှုပ်ရှားကစား
နေလေ၏။ စားရေးနေခဲ့တာလိုလို ၊ အိပ်နေခဲ့တာလိုလို၊ အိပ်မပျော်ဘဲ တစ်ယောက်ယောက်ကို ရိုက်နှက်နေခဲ့တာလိုလို....။
“ကျမ....အင်း...ညဘက်ပါဆို ကျမ ဘာလုပ်ရမလဲ...အိပ်တာပေါ့”
“အိပ်မပျော်တဲ့အခါကျတော့ရော”
ကိုမြတ်မင်း၏ မျက်နှာသည် စိုးစဉ်းမျှ ပြောင်းလဲခြင်းမရှိ၊ ဤသို့သာ တည်ငြိမ်စွာ တစ်ပုံစံတည်း
ဖြစ်နေချေသည်။
“ကျမ စာရေးပါတယ်”
ကိုမြတ်မင်းသည် သူထိုင်နေရာ ထိုင်ခုံကို အရှေ့သို့ တိုးကာ သူ့ကိုယ်နှင့် စားပွဲကို ပိုမိုတိုးကပ်လိုက်
သည်။ ဤသည်မှာ စိတ်အားထက်သန်နေခြင်းပေလား။
“စာရေးတယ်ဆိုတာ ကြည်သာ့ အထင်သက်သက်ပါ...ကြည်သာဟာ စာရေးနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတယ်။ တကယ်တော့ ကြည်သာ လက်တွေ့မှာ လုပ်နေခဲ့တာတွေကို စာအုပ်ထဲ ရေးချနေတယ် ထင်နေတာ။ ဒီလိုဗျာ ကြည်သာဟာ လူသတ်ဝတ္ထုတွေ ရေးတဲ့ စာရေးဆရာမ မဟုတ်လား။ mind manipulation ဘာညာပေါ့။ တကယ်တမ်း ကြည်သာ ဝတ္ထု ဘယ်နှပုဒ်ပြီးပြီလဲ။
တစ်ပုဒ်မှ မပြီးသေးဘူးဆိုတာ မင်းထက်သာ စုံးစမ်းထားပြီးပြီ။ အပြင်လောကမှာ ကြည်သာဟာ
လူတွေ တကာ်ပဲ လိုက်သတ်နေခဲ့ပြီး ကြည်သာ့ရဲ့ မနောစိတ်ကတော့ ကြည်သာဟာ လူသတ်ဝတ္ထုတစ်ပုဒ် ရေးနေတယ် ထင်နေတယ်။ ဒီလို recall ပြန်ခေါ်နေရတာဟာ ကြည်သာ
သတ်ခဲ့တယ်ဆိုတာ စိတ်သန့်သန့် ဝန်ခံနိုင်ဖို့ပါပဲ။”
ကြည်သာသည် ကို မြတ်မင်း၏ စကားများကို အထူးအဆန်းလို ဖြစ်နေခဲ့၏။ ဘာတွေပါလိမ့်၊ အမှန်တွေပဲလား၊ ကြည်သာ မသိပါ၊ ဝေခွဲမရပါ။ သူအမှန်တွေ ပြောနေခြင်းလား။ လိမ်နေခြင်းလား။
ကြည်သာ့ စိတ်ထဲ အရိပ်တချို့ပေါ်လာသည်။ ကြည်သာသည် စာရေးနေသည်ဟူ၏။ ထို့နောက် နောက်အာရုံမှာကား အိပ်နေရင်းမှ ထကာ အိမ်ပြင်ဘက် ထွက်သွားသည်ဟူ၏။ အို....မဟုတ်ဘူး...
စိတ်ကို လှည့်စားနေတာပဲ၊ ကိုမြတ်မင်းပြောစကားတွေ နားမထောင်နဲ့။ နားမထောင်နဲ့ ။သူဟာ ကြည်သာ့ကို စိတ်ညှို့ပြီး အမှားကို အမှန်ထင်အောင် လုပ်နေတာ။
“ဒါဟာ အမှန်မဟုတ်ဘူး”
ကြည်သာ့မျက်လုံးသည် ဝေခွဲမရခြင်းများ လျှံထွက်နေလေသည်။ အစိမ်းရောင်သည် အနည်းငယ် ဖော့ဖျော့ လာသလိုပင်။
“ကြည်သာ အိပ်နေရင်း ထထသွားတာကို ကိုမင်းထက်သာ စောင့်ကြည့်နေခဲ့တယ်။ သူအမြန်ဆုံး လိုက်သွားပေမယ့်လည်း သူ ကြည်သာ့ကို ဘယ်လိုရှာရှာ မတွေ့ဘူး၊ ဒီလိုနဲ့ လက်လျှော့ နေခဲ့ရတာ၊
လက်လျှော့ပြီး ပြန်အိပ်တော့လည်း မနက်ရောက်ရင် ကြည်သာဟာ ကြည်သာ အိပ်ခဲ့တဲ့ နေရညမှာ ပြန်ရောက်နေတယ်။ လူတွေဟာလည်း တစ်နေ့ပြီး တစ်နေ့ပျောက်နေတယ်လေ။”
ကြည်သာသည် ကိုမြတ်မင်းနှင့် မျက်လုံးချင်း မဆုံရဲတော့ပါ။ သူမသည် သူ၏ မျက်လုံးအသေများကို ခံနိုင်ရည် မရှိတော့ပါ။ ကိုမြတ်မင်း၏ မျက်လုံးကို ကြည့်တိုင်း
ဟုတ်ပါတယ် ၊ ကျမ လူသတ်ပါတယ်ဟု ဝန်ခံချင်နေမိပြီ။ တကယ်တော့လည်း ကြည်သာသည်
သူသတ်ခဲ့သည် ဟူ၍ အတပ်မသိ။ ထင်ယောင်မှတ်မှား မှတ်ဉာဏ်များသာ ပေါ်လာသည်။
ထိုမှတ်ဉာဏ်များသည်လည်း အစစ်လား အတုလား မသေချာ။
“ခင်ဗျားဟာ ရက်စက်လွန်းတယ် မကြည်သာ....သတ်ပြီး အပိုင်းအစတွေကို ကြွပ်ကြွပိအိတ်အမည်းနဲ့ လွှင့်ပစ်ခဲ့တာ၊ မနက်ရောက်တော့ ခင်ဗျား ညက ဘာလုပ်ခဲ့တယ် မမှတ်မိဘူး၊ သွေးအေးအေးနဲ့
နေမြဲအတိုင်း နေတယ်...ဒီလောက်အထိ သွေးအေးရတာဟာ ခင်ဗျား ငယ်ဘဝက အဖြစ်ဆိုးတွေနဲ့
ဆိုင်မှာပါပဲ”
ငယ်ဘဝ၊...ငယ်ဘဝ....ရေတွင်းပျက်ထဲက ပဲ့တင်သံလိုနားမှ တဆင့် ဦးနှောက်သို့ သယ်ပို့နေသော “ငယ်ဘဝ” ဟူသော စကားသံ။ ကြည်သာသည် လွန်စွာ ရွံ့ကြောက်ကာ ကိုမြတ်မင်းကို
မျက်လုံးချင်း ဆုံမိလေသည်။ သူသည် ပြုံး၍ လာ၏။ သူ့မျက်လုံးသည် ညှို့နေသော စုန်း၏ မျက်လုံးနှယ် ဖြစ်နေသည်။ သူ့ပါးစပ်မှ...
“ဝန်ခံလိုက်စမ်း၊ ဝန်ခံလိုက်စမ်း” ဟူ၍ ရွတ်နေသည်။ ကြည်သာသည် မျက်လုံးမှိတ်လိုက်ရာ
သူမ လူတစ်ယောက်အား သတ်နေသည်ကို မြင်နေ၏။ ကြွပ်ကြွပ်အိတ်ထဲမှ မျက်လုံးကို မြင်လာ၏။ ထိုအထုပ်ကို သူမ လွှတ်ပစ်နေသည်ဟုလည်း ထင်လာ၏။ သို့သော် အမှန်လား အမှန်လား ဝေခွဲမရ။
ကြည်သာ မျက်လုံးပြန်ဖွင့်သောအခါ ကိုမြတ်မင်း၏ ညှို့မျက်လုံးကို တွေ့လိုက်ရပြန်သည်။ “ဝန်ခံလိုက်စမ်း၊ ဝန်ခံလိုက်စမ်း” ဟူသည့်စကားများကို ကြားရပြန်သည်။ သူမ ကြောက်ရွံ့စွာ
ပြန်မှိတ်လိုက်သည်တွင် ဖေဖေသည် သူမ အားနမ်းရှုံ့နေလေ၏။ ကြောက်၍ မျက်လုံး ပြန်ဖွင့်သော်
ညှို့နေသော မျက်လုံးတစ်စုံကို တွေ့ရပြန်လေသည်။ ဝန်ခံလိုက်စမ်း ဟူသည်ကို ကြားရပြန်သည်။
“ဟုတ်ပါတယ်...ကျမ သတ်တာပါ...တော်ပါတော့ ကျမ သတ်တာပါ”
အရာအားလုံးသည် ငြိမ်ကျသွား၏။ နှလုံးခုံသံသည်လည်း ပြန်လည် ပုံမှန်ဖြစ်သွားသည်။ ချွေးစေး
များ ရွှဲနင့်ကျန်ရစ်သည်။ ကိုမြတ်မင်းသည် တည်ငြိမ်နေ၏။
“ခင်ဗျား အရမ်း စိတ်လှုပ်ရှားနေသလား...ခင်ဗျား ဘာကြောင့် ဒီလူတွေကို သတ်သလဲ ကျနော် နားမလည်ဘူး...ခင်ဗျားဟာ စိတ္တဇ လူသတ်သမားပဲ”
တကယ်ပဲ ကြည်သာဟာ စိတ္တဇလူသတ်သမားလား....တကယ်ပဲ သတ်ခဲ့လေသလား။ သူမလည်း မသိပါ။ အမှန်လား အမှားလား မသိတော့ပါ၊ အရင်က အဖြစ်အပျက်တွေသည် မှန်သလား မှားသ
လားမသိတော့ပါ။ကြည်သာသည် စိတ်ခြောက်ခြားစွာ ဖြစ်နေခဲ့သည်မှာ ကြာလှပြီဖြစ်ရကား ထိုသို့
လူစိတ်ပျောက်သတ်ရခြင်းမှာ ဖြစ်နိုင်ချေရှိသည်ထင်လာ၏။ သို့သော် ထင်ရုံသာ ဖြစ်လျက်
လက်ဆုပ်လက်ကိုင်ပြစရာ မန်မိုရီသည် ပေါ်မလာခဲ့ပါ။ အကယ်၍ ကြည်သာ သတ်ခဲ့ခြင်း မှန်ပါလျှင် ကြည်သာ ဘာကြောင့် သတ်ရသနည်း။ အဖြေမှာ ရိုးရှင်းလှသည်။
ငယ်ငယ်က နည်းနည်းလေးပင်မရခဲ့၍ကြီးလာတော့ ပိုသာများများ လိုချင်နေခြင်းဖြစ်လိမ့်မည်။
အငယ်က လိုတာတွေမပိုင်ဆိုင်နိုင်ခဲ့သဖြင့်ကြီးလာတော့လိုတာထက်ပိုပိုင်ဆိုင်လိုခြင်းဖြစ်လိမ့်မည်။
ငယ်ငယ်တည်းက ဘဝနီးနီးပေးဆပ်ခဲ့ရ၍ကြီးသောခါမူ ဘဝနီးနီးရယူလိုခြင်းဖြစ်လိမ့်မည်။
စင်စစ်တော့အတ္တဆိုတာမှာကလည်း မူလပထမဖြစ်စဥ်အဖြစ်မရရှိခဲ့တာတွေနှင့်ချည်း စခဲ့တာပင် ဖြစ်ချေလိမ့်မည်။
“ကဲ...ခင်ဗျား လူသတ်ခဲ့တယ်ဆိုတာ ဝန်ခံပြီဆိုတော့ ခင်ဗျားအပြစ်တွေ ဆေးကြောရတော့မယ်။”
“ကျမ ထောင်ထဲမှာ တစ်သက်လုံးနေရမှာလားဟင်”
“အဲဒီထက် ပိုညင်သာပြီး ပိုကောင်းမှာပါ”
“လူသတ်ခဲ့တာမှာ ပိုကောင်းတဲ့ ပြစ်ဒဏ်ဆိုတာ ရှိနိုင်သေးသလား”
“ကိုယ်က ဆေးကြောကြမယ်လို့ ပြောလိုက်သလားလို့”
ကြည်သာသည် ကိုမြတ်မင်း၏ စကားများကို နားမလည်နိုင်တော့ပါ။ ကြည်သာသည် မိမိကိုယ်ကိုယ်
လူသတ်ခဲ့သည်ဟုလည်း ထင်နေသည်။ မသတ်ခဲ့ဘူးဟူ၍လည်း ယုံနေပြန်သည်။ ကို မြတ်မင်း
တံခါး ကိုဖွင့်ပေး၏။ ကြည်သာ့ကို အပြင်ထွက်ဖို့ရင် မျက်နှာရိပ်ပြသည်။ ကျမသည် ကြောင်အ စွာပင်
အပြင်ထွက်သွားမိလေသည်။
အပြင်ရောက်သော် ကြည်သာသည် အံ့ဩခြင်း ကြီးစွာဖြစ်ရ၏။ ကြည်သာသည် မြေနီနီလမ်းကြားမှာပင် ရောက်နေသည်။ ကိုမြတ်မင်းကို မေးမြန်းရန် အနောက်လှည့်သောအခါ အနောက်တွင် မကြာသေးမီက သူမ ထွက်ခဲ့ရာ တံခါးက မရှိတော့ပါ။ မြေနီနီလမ်းကြားသာရှိနေပါ၏။
သူမသည် ဆက်လျှောက်လာခဲ့ရာ အိမ်အသီးသီးမှ လူများစွာတို့ ထွက်လာကြလေသည်။ သီချင်းသံများ ဆူညံနေကြ၏။ သူတို့သည် ကြည်သာ့အားကြည့်ကာ လက်ခုပ်လက်ဝါး တီးနေကြလေသည်။ ပျော်ရွှင်ခုန်ပေါက်နေကြ၏။ ကြည်သာ့ကို ပြုံးပြနှုတ်ဆက်ကြသည်။
အဘွားကြီးသည် သူ့ကြောင်ကို ပိုက်ကာ ကြည်သာ့ဆီ ပြေးလာသည်။
“ကြိုဆိုပါတယ် ကြည်သာ...” ဟူ၍ ဆိုသည်။ အသံကား နုပျိုနေလေ၏။
အန်တီအေး တို့ အဖွဲ့ကိုလည်း တွေ့ရသည်။ သူတို့ကလည်း
“ကြိုဆိုပါတယ် ကြည်သာ” ဟူ၍ အော်ဟစ်နှုတ်ဆက်နေကြသည်။ ရေဒီယို ကမာရွတ်ကလေးကို
လည်းတွေ့၏။လူတိုင်းလူတိုင်းသာည် ပျော်ပါး ခုန်ပေါက်ကာ ကြည်သာ့ကို နှုတ်ဆက်ကြသည်။
“ကြည်သာ ဘယ်တော့မှ မပြောင်းတော့ဘူးမဟုတ်လား”
“ကြည်သာဟာ အမြဲတမ်း နေထိုင်သူ ဖြစ်သွားပြီပဲ”
“အို...လှလိုက်တဲ့ ကြည်သာ ဘုရားသခင်ကောင်းချီးပေးပါစေ”
“မမကြည်သာ အမြဲတမ်း နေထိုင်သူဖြစ်သွားရင် ဘယ်အိမ်မှာ နေမယ် စဉ်းစားလဲ”
“ဆရာမလေးအတွက် သိပ်ဝမ်းသာတာပဲ..ခွဲရမှာ စိတ်မကောင်းပေမယ့်.သူဟာလည်း လွတ်မြောက်တော့မယ်...”
ကြည်သာသည် ကြောက်ရွံ့ခြင်းကြီးစွာ ဆံပင်ကို ထိုးဖွမိ၏။ နားကို အုပ်ကာ မကြားရအောင်
ပြုမိသည်။ မဟုတ်ဘူး...မဟုတ်ဘူး...ဘာတွေပါလိမ့်...ဒါတွေဟာ ဘာတွေပါလိမ့်။
“ဂုဏ်ယူပါတယ် ကြည်သာ...”
မင်းထက်သာ...။
“ဟေး...ကြည်သာ မနက်ဖြန်ကျ အိမ်လာလည်ပါ...လူခေါင်းစွပ်ပြုတ်လုပ်ထားပေးမယ်”
ကိုမြတ်မင်း....။
အို...။
ကြည်သာသည် အားလုံးကို တွန်းတိုက်ကာ လျင်စွာသာ ပြေးသွားမိသည်။ လမ်းအဆုံးတွင်ကား တံခါးပေါက်ကလေး တစ်ပေါက်။ ထိုတံခါးပေါက်နားတွင်ကား ဆရာမလေးက ရပ်နေ၏။
ကြည်သာသည် နွေးထွေးသွားမည်ဟု ခံစားလာရကာ ဆရာမလေးကို ပြေးဖက်မိသည်။
မမမြတ်သည် ကြည်သာ့ခေါင်းကို ပွတ်သပ်ကာ
“ကြည်သာ့ကို သိပ်ကျေးဇူးတင်တာပဲ၊ သိပ်မကြာခင်မှာ ကြည်သာဟာ အမြဲတမ်းနေထိုင်သူ ဖြစ်တော့မယ်၊ ကျမက ပြန်လည်လွတ်မြောက်သူ ဖြစ်တော့မယ်။”
“ဘာကြောင့် ကျမက အမြဲတမ်းနေထိုင်သူဖြစ်ရတာလဲ...မမမြတ်က ဘာကြောင့် ပြန်လည်လွတ်မြောက်ရသလဲ....ကျမ ဘာမှနားမလည်ဘူး”
“အမြဲတမ်းနေထိုင်သူ တစ်ယောက်ကို ပြန်လည်လွတ်မြောက်သူက ရှင်းပြပေးရတာ ထုံးစံပါပဲ...၊ မြေနီနီလမ်းကြားက လူတွေဟာ သေဆုံးချိန်အစဉ်လိုက်အတိုင်း ရှင်သန်သူတွေရဲ့ အသက်နဲ့ ပြန်အစားထိုးရတယ်၊ ရှင်သန်နေသူတွေဟာ ဒီက လူတွေကို ဘာမှ လိမ်လို့မရဘူး၊ သူတို့ အကုန် သိကြတယ်။ ခုတော့ ကျမက နေ့စေပြီ။ ကျမ ဟာ လွတ်မြောက်ပြီး ရှင်ဟာ ဒီလမ်းကြားလေးရဲ့
လူသစ်ဖြစ်လာပြီ။ ကိုယ်တို့ထဲက အဦးဆုံးသေသူ တစ်ယောက် လူပြန်ဖြစ်ဖို့ မသေသေးတဲ့လူတစ်
ယောက် ဒီလမ်းကြားကို ပြောင်းလာအောင် အမျိုးမျိုးလုပ်ရတယ်။ ကျန်တဲ့သေလူတွေကလည်း
ကြိုးပမ်းကြရတယ်။ ဘာလို့ဆို တစ်ယောက်လွတ်မြောက်လေ...သူတို့ လွတ်မြောက်ချိန်ရောက်ဖို့ ပိုနီးလာလေမို့ပဲ။ မြေနီနီလမ်းကြားဟာ အကောင်းဆုံး သရုပ်ဆောင်တွေနဲ့ ပြည့်နှက်နေကြတယ်။
သူတို့ဟာ သူတို့ လွတ်မြောက်ဖို့ ဆာလောင်နေကြတယ်။ သူတို့ဟာ လူတစ်ယောက်ရဲ့ စိတ်ကို မြင်နိုင်ပြီး၊ သူတို့ရဲ့ အားနည်းချက်ကို အသုံးချပြီး၊ ကယောက်ကယက်ဖြစ်စေပြီး လူတစ်ယောက်ရဲ့
စိတ်ကို ညှို့ယူကြတယ်။ စိတ်ဟာအသက်ပဲ။ ကိုယ့်စိတ်ကို ကိုယ်မသိတော့ဘူးဆိုရင် သူ့ဝိညာဉ်ဟာလည်း အလွယ်လေးပဲ ဆွတ်ခြွေလို့ရနိုင်တယ်။ ကိုယ့်စိတ်ကို ကိုယ်
ဝေခွဲမရတော့တဲ့ လူတစ်ယောက်ဟာ အားအနည်းဆုံး၊ သတ်ရအလွယ်ဆုံး။ ဒါကြောင့် စိတ်ကို အရင်သတ်ကြတာပဲ။ စိတ်ကို သတ်လိုက်ရင် လူဟာသေတာပဲ။ လူစားလဲတယ်ဆိုတာ ဒါမျိုးပဲ။ခုတော့ ကြည်သာက စိတ်သေသွားခဲ့ပြီ။လူသေဖို့ပဲ ကျန်တော့တာ”
ပြောပြောဆိုဆိုနှင့်ပင် မမမြတ်သည် ကြည်သာ့အား တွန်းချလိုက်၏။ ကြည်သာသည် ချောက်ထဲ ကျသွားသည်ရှိရာ ပတ်ပတ်လည်မှာ မှည်းမှောင်နေ၏။ ထို့နောက် မီးဖွင့်သံ ကြားရလေသည်။
“ကယ်ကြပါ”
ကြည်သာသည် ကြည်သာငယ်ငယ်လေးဘဝသို့ ပြန်ရောက်သွား၏။ သူမသည် မြေအောက်ခန်းထဲ၌
ရှိုက်ငိုနေရသည်။ ခဏအကြာ ဖေဖေသည် ဝတ်လစ်စားလစ်ဖြင့် ဝင်လာသည်။ ကြည်သာ့အား
ရိုက်နှက်၍ အဓမ္မကျင့်လေသည်။ ကြည်သာလေးသည် မေ့လဲ သွားရလေတော့၏။
ဒါဟာ သိမလိုလိုနဲ့မသိခဲ့ရ၊ မသိသလိုလိုနှင့်သိခဲ့ရသော ပုစ္ဆာတစ်ပုဒ်ပင်ဖြစ်မည်။
ရမလိုလိုနှင့်မရခဲ့၊မရမလိုလိုနဲ့ရနိုင်ခဲ့တဲ့ မျှော်လင့်ချက်ကလေးပင်ဖြစ်မည်။
ကောင်းသည်ဟုထင်လျက်ဆိုးခဲ့သော၊ဆိုးသည်ဟုထင်လျက်ကောင်းခဲ့သော ဇာတ်အိမ်တစ်ခုပင်ဖြစ်မည်။
နစ်နာသူဖြစ်မလိုနှင့်ကျူးလွန်သူဖြစ်ခဲ့ရ၊ကျူးလွန်သူဖြစ်တော့မလိုနှင့်နစ်နာသူမှန်းသိခဲ့ရထိုသို့သော မှုခင်းတစ်ခုပင်ဖြစ်မည်။
ဒါဟာ ရောက်မည်အထင်နှင့်လျှောက်ခဲ့ပြီး
စင်စစ်တော့လည်း မရောက်နိုင်သော၊
မရောက်ဘူးအထင်နှင့်လှည့်ပြန်ရာမှ လမ်းမှန်မှန်းသိခဲ့ရသော ပန်းတိုင်တစ်ခုပင်ဖြစ်မည်။
အဟုတ်သိပြီအထင်နှင့် ဘာမှမသိခဲ့သော၊
ဘာမျှမသိသူက ပို၍ပင်သိခဲ့ရသော ဘာသာရေးအယူအဆတစ်ခုဖြစ်မည်။
မှားလျက်မှန်ခဲ့သော၊မှန်လျက်မှားခဲ့သောအဖြေတစ်ပုဒ်ပင်ဖြစ်မည်။
သိပ်ခက်တာပဲ။
ကျမမှာ
“ဗာဂျီးနီးယားဝုဖ်” ဖြစ်တော့မလို၊
“အန်းဆက်တန်”ဖြစ်တော့မလိုလိုနဲ့။
တကယ်တော့လည်း
ကျမဟာ “ကြည်သာ” ကိုယ်တိုင်တောင်ဖြစ်မနေတော့ဘူး မဟုတ်လား။