Unicode
အစပိုင်းတွင် ကြည်သာသည် အဘွားကြီးကို နားမလည်နိုင် ဖြစ်ရသည်။ အဘွားကြီးသည် အစာကောင်းကောင်းစားခြင်းမရှိဟု စပ်စုမများအဖွဲ့က ဆိုကြသည်။ သူတို့ပြောတာ မှန်လောက်၏။ အဘွားကြီး၏ မျက်နှာသည် ရှိရင်းစွဲမျက်နှာထက် ထက်ဝက်လောက် ချောင်ကျသွားသည်။ မျက်တွင်းများက ပို၍ဟောက်ပက် ချိုင့်ဝင်သွားကာ မျက်လုံးက ပြူးလာ၏။ ပါးရည်နားရည်များက တွန့်ကျနေသည်မှာ ကြည့်မကောင်းတော့။ ညဘက်များတွင်လည်း မအိပ်ဟန်တူသည်။ သူ့အခန်းလေးတွင် မီးလင်းနေသည်ကို ညဘက်တွင် စာရေးလေ့ရှိသော ကြည်သာက လှမ်းမြင်နေရသည်။ ခါတိုင်းဆိုလျှင် အဘွားကြီးသည် ရှစ်နာရီ၊ ကိုးနာရီလောက်ကတည်းက အိပ်တာမှ ခေါနေပြီ။(အသက်ကြီးသူများက အိပ်ချိန်များများလိုသည် ဟူသော ဘယ်သူပြောမှန်းမသိသည့် စကားတွေ အခွင့်ကောင်းယူ၍ ပြောတတ်သေး၏။)
အဘွားကြီးက မည်သူနှင့်မှလည်း စကားကောင်းကောင်း မပြောတော့။ အထီးကျန်နေသော အဘွားကြီးနှင့်ပင်တူသည်။ မဟုတ်သေး။ အမှန်တကယ်ပင် အထီးကျန်နေသော အဘွားကြီးပင်။ သူမ သနားသလိုလို ရှိလာ၏။ ယခုနေ သူ့ကြောင်များ မသေဘဲ ပြန်လာသည်ရှိသော် အဘွားကြီး ထပါကလိမ့်မည်ထင်သည်။ အဘွားကြီး အဖို့ ကြောင်တစ်ကောင် ဝယ်ပေးလျှင်ကောင်းမည်လော။ ဤသို့လည်း မဖြစ်။”သူ့ေနရာမှာ အခြားအရာတခုခု အစားထိုးရင်တောင် သူ့အပေါ်ထားခဲ့တဲ့ ခံစားချက်မျိုး ပြန်မရတော့ဘူး။” ဟူသော အဘွားကြီး၏ စကားကို ပြန်ကြားယောင်သည်။ အဘွားကြီးသည် ခေါင်းမာ၏။ သူထင်တာသည် အမှန်ဟု ယူဆထားတတ်သော ရှေးဆန်သည့် အဘွားကြီးဖြစ်သည်။ ကြည့်မရသည်ဆိုသော်ငြား ခင်မင်မှုအရ မနေတတ်၊ မထိုင်တတ် ဖြစ်ရသည်။ ကြည်သာ စိတ်မကောင်း ဖြစ်ရသည်။ မည်သို့ လုပ်ပေးသင့်သည်ဟု ဝေခွဲမရနိုင်ဖြစ်နေသည်။
ထို့အပြင် ကြည်သာ့ စိတ်တွင် ထူးဆန်းသည်ဟူသော ခံစားချက်မျိုး ခံစားမိနေသည်။ အရင်တစ်ပတ်က လူမနေခြံကြီးထဲတွင် မြက်ရိတ်သမားကို တွေ့ရ၏။ သူသည် သူမအား စူးစူးရဲရဲ ကြည့်နေ၏။ အစိမ်းလိုက်ဝါးစားတော့မည့်ဟန် ပေါက်နေ၏။ ကြည်သာ ထိတ်လန့်ခဲ့ရသည်ကို အမှတ်ရသည်။ ယခုမူ ထိုခြံထဲတွင်ပင် ကြောင်စုတ် သေပြီ။ သေပုံကလည်း ဓားနှင့် မစာမနာ ထိူးသတ်ထားခြင်းမျိုး။ အဘွားကြီးသည် သူ့ကြောင်ကို တွေ့ကာ မူးမေ့လဲကျ သွား၏။ မည်သူက လုပ်သနည်းဆိူသည်ကိုလည်း အဘွားကြီး သိချင်နေသည်။ တစ်လမ်းလုံးလည်း သိချင်နေကြ၏။ ကြည်သာလည်း သိချင်နေသည်။ ကြည်သာ့ စိတ်ထဲတွင် သွက်ချာပါဒ မြက်ရိတ်သမားနှင့် ကြောင်စုတ် တို့ အဆက်အစပ်ရှိမည် ထင်သည်။