ဆူညံစွာ ထွက်သွားသော ရဲကားကို ကြည်သာမျက်စိတစ်ဆုံး ကြည့်နေမိသည်။“ မသွားပါနဲ့...မသွားပါနဲ့” ဟူ၍ စိတ်ထဲက အော်ဟစ်မြည်တမ်းနေသည်။ ကြည်သာ ဝတ်ထားသောအပြာရောင် ဆွယ်တာလေးကို ရင်ဘတ်အပြည့်ဆွဲစိမိသည်။ စိတ်အစဉ်တွင်အစိုးမရအောင် တုန်ခိုက်နေခြင်းမှာ ညနေလေအေး၏အသော့အထေ့ကြောင့်လော၊ အကြောက်တရား၏ ကလူကျီဆယ်နေခြင်းကြောင့်လော၊ ကြည်သာမတွေးတတ်ပါ။ တွေးနေရလောက်အောင်ထိ ကြည်သာ စိတ်လက်မချမ်းမြေ့ပါ။ ကြည်သာ့မျက်လုံးထဲတွင် မကြာသေးမီကကြုံခဲ့ရသော ဖြစ်စဉ်များကိုဇာတ်လမ်းတွဲတစ်ခုကဲ့သို့ အစဉ်အတိုင်းပြန်မြင်နေရ၏။ ကြည်သာ့မျက်လုံးတို့ပြာလာ၏။ဖြစ်နိုင်လျှင်ယခုချက်ချင်းပင် အတောင် ပံတစ်ခု ရချင်လာ၏။ ထို့နောက် ကောင်းကင်သို့ဆန်ကာ ပျံတက် သွားလိုက်ချင်သည်။
“ဘာခြေရာလက်ရာမှမပျက်ယွင်းနေပါ” ဟူသော ကိုမြတ်မင်း၏စကားကို ပြန်ကြားယောင်နေသည်။ကြည်သာ ထိုလူ၏မျက်နှာတစ်ခုလုံးကို နေရာမှာပင်ကုတ်ဖဲ့ပစ်ချင်၏။“ရှင်တို့ ဒီလောက်တောင်အသုံးမကျရသလား၊ ဒါမှမဟုတ် ကျမလိမ်နေတယ်လို့ထင်တာလား” ဟူ၍သူ့မျက်လုံးကိုစေ့စေ့ကြည့်ကာမေးပစ်ချင်သည်။ကြည်သာ ထင်ယောင်ထင်မှားဖြစ်နေခြင်းလုံးဝမဟုတ်။ ကြည်သာကိုယ့်ကိုယ်ကိုယ်ယုံသည်။ကမ္ဘာပေါ်ကလူသားအားလုံးထက်ကြည်သာ့ကိုယ်ကြည်သာပိုယုံတယ်။အားလုံးကမှားသည်ဟုဆိုလျှင်ပင် ကြည်သာမှန်သည်ဟုထင်လျှင် ထိုအရာကိုအမှန်ယူ၏။မှားသည်ဟုထင်လျှင် ထိုအရာကိုမှားနေသည်ဟုယုံသည်။ ကိုမြတ်မင်းဆိုသောလူကို စိတ်ကပယ်ပယ်နယ်နယ် ကျိန်ဆဲပစ်လိုက်၏။ သိပ်မုန်းသည်။ကြည်သာ့ကိုဆရာလာလုပ်လျှင် ကြည် သာ သိပ်မုန်းသည်။ ကြည်သာ ဝဲကျနေသော ဆံပင်ကိုလက်ဖြင့်သပ်တင်လိုက်သည်။လမ်းတစ်ဆုံးကိုကြည့်နေရင်းက မင်းထက်သာ၏ စိုးရိမ်စိတ်သန်းသန်း အကြည့်နွမ်းကိုပြန်မြင်ရ၏။ကြည်သာ ခနဲ့လျက် ပြုံးလိုက်မိပါသည်။
“အဆင်ပြေရဲ့လား ညီမလေးကြည်သာ”
နားထဲ တည်ငြိမ်သံတစ်ခုကိုကြားလိုက်ရသည်။ ထို့နောက် ကရုဏာမျက်လုံးတစ်စုံကိုမြင်ရ၏။ အစ္စလာန်အမျိုးသမီး...။ ထိုအမျိုးသမီး၏ အသံကိုကြားမှသာ ကြည်သာပတ်ဝန်းကျင်ကိုဂရုစိုက် မိသည်။ ကြည်သာ အစစ်အမှန်ကမ္ဘာသို့ ပြန်ရောက် လာရ၏။ ပတ်ဝန်းကျင်မှလူအားလုံးသည် သူတို့၏ ကိုယ်စီအိမ်များဆီမှ ကြည်သာ့ကို စူးစမ်းကြည့်များကြည့်နေကြသည်။