Unicode
မက်နေကျ အိပ်မက်စိမ်းစိမ်းတို့ ကြည်သာ့အား ထပ်မံနောက်ယှက် ကြပြန်သည်။ အိပ်မက်ထဲတွင် ကြည်သာ့ကို အစိမ်းရောင်ဖေဖေမှ ဗလက္ကာရပြုနေသည်ကို ကြည်သာကပင်ရပ်ကြည့်နေသည်ဟူ၍မြင်ရသည်။ဖေဖေ့လက်ထဲမှာ ကြည်သာက အရုပ်ဆိုးလိုက်တာဟု တွေးမိသည်။ ထိုကြည်သာသည် အသားအရည်မွဲခြောက်ခြောက်ဖြင့်။ ပါးတစ်ဖက်တွင်လည်း မီးလောင်ဒဏ်ရာကဲ့သို့သော ဒဏ်ရာမျိုးရှိသေး၏။ပိန်လိုက်သည်ကလည်းလွန်ပါရော။သို့သော်ကြည်သာနှင့်လားလားမျှမတူသော ထိုကောင်မလေးသည် ကြည်သာဖြစ်နေသည်ဟုသိနေသည်။ရပ်လျက်ကြည့်နေသောကြည်သာ့ထံသို့ ဖေဖေကပြုံးကာလှည့်ကြည့်လာသည်။ ကြောက်စရာကောင်းလိုက်သည့်အပြုံးမျိုးပါတကား။ တစ်စုံတစ်ခု ပြုလုပ်တော့မည့်အပြုံး၊ရုပ်ရှင်ကားများထဲကလူယုတ်မာတို့ တုပကြသည့်အပြုံး။ ရုတ်တရက်ပင် ပြုံးလျက်ဖေဖေသည် ဖေဖေမဟုတ်ပြန်တော့။မြက်ရိတ်သမား၏မျက်နှာကြီးဖြစ်လာ၏။သူသည်လည်းအစိမ်းရောင်သာ။ သို့သော် ဘာကြောင့်
ရယ်မသိ။ထိုမြက်ရိတ်သမားအားလည်း ကြည်သာက ဖေဖေဟုသာသိနေပြန်သည်။ အသေအချာ
ကြည့်မိသည်တွင် မြတ်ရိတ်သမားမှသည် အစ္စလာန်ကောင်လေးဖြစ်၍သွား၏။ သူ့ပုံစံနှင့်
ဤအပြုံးမျိုးမလိုက်ဖက်လှ။သို့သော် သူသည်လည်း အစိမ်းရောင်ဖေဖေဟုသာ သိနေပြန်၏။
ကြည်သာ နောက်အိပ်မက်ကို ဆက်၍မက်ပြန်သည်။အိပ်မက်များသည် အဓိပ္ပါယ်မရှိ
ရောက်တတ်ရာရာဖြစ်နေ၏။ဟိုရောက်လိုက်၊ဒီပေါက်လိုက်အိပ်မက်များမှ ကြည်သာနိုးထချင်သည်။သို့မူကား မရ။ ဤအိပ်မက်တွင်လည်း ကြည်သာသည်ဘေးက ရပ်ကြည့်နေသော ပွဲကြည့်ပရိသတ်၏နေရာကသာဖြစ်သည်။ တစ်စုံတစ်ယောက်သည် အမျိုးသမီးတစ်ယောက်၏ ဦးခေါင်းကို တူနှင့်စိတ်ကြိုက်ပယ်ပယ်နှယ်နှယ်ထုနေ၏။ အမျိုးသမီး၏ခေါင်းသည်ကား ဘိုမရုပ်၏ခေါင်းကဲ့သို့ထုလိုက်ချိန်
တွင် ပိန့်သွားသည်။လူခေါင်းကဲ့သို့ စိစိညက်ညက်ကြေမနေ။ ထိုလူကတူကိုအပေါ်မြှောက်လိုက်သောအခါပုံမှန်ပြန်ဖြစ်သွားသည်။နောက်၊ ပြန်၍ထုချလိုက်သောအခါ ကော်ပတ်ဘိုမရုပ်ကဲ့သို့ပြန်ပိန့်သွားပြန်သည်။ ကြည်သာကမူ“ကောင်းတယ် ထုသာထု” ဟုအော်နေသည်တဲ့။ လက်ခုပ်လက်ဝါးတီးကာ အားပေးနေသတဲ့။တူနှင့်ထုခံရသောအမျိုးသမီးမှာလည်း အကျည်းတန်သော ကြည်သာ ဖြစ်နေသည်တဲ့။
ကြည်သာလည်း လူအများနည်းတူ အိပ်မက်တွေ၏အရောင်ကို မမှတ်မိလျှင်ကောင်း
မည်ဖြစ်သည်။သို့သော် ဤကဲ့သို့ အစိမ်းပုတ်ရောင်အိပ်မက်တို့ကို ကြည်သာမြင်ကွင်းမှ မည်သို့ ဖျောက်ရမည်မသိနိုင်။ အိပ်ရာကနိုးလျှင်ပင် မျက်လုံး၌ အစိမ်းရောင်မျက်ရိပ်တို့ကို အတန်ကြာ မြင်နေရဆဲပင်။ရေချိုးလိုက်တော့မှပင်အရာအားလုံးသန့်စင်သွားပြီထင်ယောင်လာရသည်။လေးပင်ထမ်းပိုးထားသမျှ ရေနှင့်အတူအားလုံးစီးကျမျောပါသွားပြီထင်မိ၏။ ဤရေစီးပိုက်မှတဆင့် စိုးရိမ်စရာများ အားလုံး ရေဆိုးမြောင်းထဲရောက်သွားလျှင် မည်မျှကောင်းမည်နည်း။ အဝတ်တန်းပေါ်တွင် ချိတ်ထားသည့်ထဲမှ ကြည်သာ့အကြိုက်ဆုံးသော၊ (ကြည်သာ့အထင်)အလှဆုံး ဖြစ်သော ခရမ်းရောင်တွင်အဝါရောင်ပွင့်ရိုက် ချည်ထည်ဂါဝန်လေးကို ဝတ်ကြည့်လိုက်သည်။ ကိုယ်လုံးပေါ်မှန်ကြီးရှေ့ ဂါဝန်ကိုကိုင်ကာ ဟိုဘက်သည်ဘက်လှည့်လိုက်၏။ဂါဝန်စအဖျားလေးမှာ လှုပ်၍ခပ်၍သွားရာ ဂါဝန်အောက်နားစမှ နှင်းဆီပွင့်အဝါရောင်လေးများမှာ ဝဲလွင့်နေ၏။ ကြည်သာ သူမ၏ မျက်နှာကို အသေအချာစူးစိုက်ကြည့်နေမိသည်။ မျက်လုံးစိမ်းလေးများမှာ ဝင်းလဲ့၍သာ နေတော့သည်။ ရွှေရည်လဲ့ဟန် ပါးသည် ပြောင်လျက်ဝင်းလျက်။သူမ၏ နှင်းဆီဖူးနှုတ်ခမ်းလေးကို ပန်းနုရောင်ဆိုးဆေး ထပ်လိုက်၏။ ထို့နောက် သူမ၏ပါးကို လက်ကလေးဖြင့်အုပ်ကိုင်လိုက်သည်။ အိပ်မက်ထဲက အရုပ်ဆိုးလှသော ကြည်သာဟာ ကြည်သာမဟုတ်တန်ကောင်းပါဘူးဟု ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်လိုက်သည်။