Unicode
ဧည့်ခန်းနံရံက အိမ်မြှောင်လေးကိုသာ ကြည်သာငေးစိုက်ကြည့်နေမိသည်။အိမ်မြှောင်မှာ သူတို့သဘာဝအတိုင်း မျက်လုံးကအပြူးသား။ ပါးစပ်သည် တစ်ခုခုပြောချင်နေဟန် ပွင့်လိုက်ပိတ်လိုက် ဟစိစိဖြစ်လျက်။သူ၏အမြီးသည်အဘယ်ကြောင့်ပြတ်၍ တိုနေရပါသနည်း။တံခါးဖြင့်ညှပ်မိခြင်းလော။အခြားလူတစ်ယောက်ကခုတ်ဖြတ်လိုက်ခြင်းလော။အခြားသတ္တဝါတစ်ကောင်ကောင်၏ ပရောဂကြောင့်လော။ ကြည်သာ ဘာကိုမျှ မတွေးချင်တော့ပါ။ စိတ်ကို အရူးလွယ်အိတ်လိုလုပ်ပြီး အတွေးတွေတစ်ပုံတစ်ပင်ကို ထုတ်ပိုးသယ်ဆောင်ထားနေရခြင်းကြောင့် ခန္ဓာကိုယ်ကိုပင်မလှုပ်ချင်တော့။ ဤအိမ်မြှောင်ကိုသာကြည့်နေချင်သည်။ ဤအကောင်၏ အံ့ဖွယ်တည်ဆောက်မှုကို စူးစမ်းနေတော့မည်။ သူ၏ အကြေးခွံများအကြောင်း၊အရေပြားများအကြောင်များဆီသို့ သိချင်စိတ်ကိုပို့လွှတ်ထားချင်
သည်။ ဘေးနားက ကိုမင်းထက်သာကိုပင် ရှိနေသည်ဟုမထင်ချင်တော့။“What is this life if, full of care
we have no time to stand and stare”ကြားဖူးနေကျ ကဗျာစာသားလေးကို စိတ်အစဥ်တွင် တိုးညင်းရေရွတ်မိ၏။ ဟုတ်သည်။ မှန်ပါသည်။ Willam Henry Davies ၏ ကဗျာစာသားများမှန်လှပါသည်။ ကြည်သာ့ဘဝတွင် ဂရုစိုက်စရာများဖြင့်ပြည့်နှက်၍နေခဲ့ရ၏။ ကြည်သာ တစ်စုံတစ်ရာကိုရပ်ငေးမနေနိုင်လောက်အောင် ကြည်သာ့မှာဂရုစိုက်စရာတွေ ပုံ၍ပင်၍ပင်ရှိနေလေသည်။
မကြာသေးမီက ကိုမင်းထက်သာပြောနေခဲ့သော မြက်ရိတ်သမား၏အလောင်းကို ရှာဖွေတွေ့ရှိသည်ဆိုသည့်အကြောင်းအရာများကိုကြည်သာထပ်မံ၍မကြားနိုင်တော့။အစကတည်းကမပြောခဲ့သင့်။ခုတော့ ကြည်သာမတွေး၍ပင်မရ။ခေါင်းထဲကြီးစိုးနေလေပြီ။အိမ်မြှောင်သည်လည်း ကြည်သာ့မြင်ကွင်းအောက် ကြာကြာမနေခဲ့။အခြားတစ်နေရာသို့ သူ၏ပြတ်နေသောအမြီးတိုတိုကို လှုပ်ရမ်းကာသွားလေပြီ။ အတွေးစိမ်းတို့ ပြန်၍ ဝင်ရောက်လာလေပြီ။ ကြည်သာသည် ဆိုဖာပေါ်ရှိ ကိုမင်းထက်သာ၏ရင်ခွင်တွင်းသို့ တိုးဝင်သွားလိုက်၏။“ကြည်သာသိပ်ကြောက်တာပဲ ကိုမင်းရယ်”
ကြည်သာ၏ နုရွစွာသောအသံသည် ကြားရသူတို့ သနားကရုဏာသက်စေရမည်။ ကြည်သာ၏ နုလျက်တိုးညင်းသော၊ပျောင်းပျော့ဖျော့လျသော၊ပြီး ဆွတ်လျက်တုန်ရီသောအသံသည် ကိုမင်းထက်သာ၏ဘဝင်ကို ဖျားယောင်းသွေးယူလာစေရမည်။