8

224 16 0
                                    

Unicode

တိတ်ဆိတ်ခြင်းအမှုသည် ပျော်ဖွယ်ကောင်းသော မြေနီနီလမ်းကြား၏ မနက်ခင်းအလှကို နောက်ထပ်တစ်ဖန် ပြန်၍ စုတ်ယူသွားပြန်ပြီ။ ကောင်းကင်သည် အနက်ရောင်လွှမ်းခြုံထားသယောင် လူတို့၏ မျက်လုံးများတွင် အကြောက်တရားများသာ ကြီးစိုးနေကြပြီ။ လင်းရှင်းမနက်မှာ နေကြတ်သည့်ဟန်ပေါက်နေ၏။ အမှန်က သဘာဝတရားသည် ဘာမျှမမှား။ သူ့သဘာဝလှနေမြဲ။ လှနေဆဲ။ ကောင်းကင်သည် ကြာလွင်ပြာနွဲ့ ဆဲ။ နေမင်းသည် ဖြာကျလင်းပျ မြဲ။ မြက်ခင်းစိမ်းစိမ်းတို့သည် ယိမ်းနွဲ့လှုပ်ခုန်မြဲ။ မြေနီနီတို့၏ မြေသားရနံ့သည် လမ်းတစ်လျှောက် ပျံသင်းဆဲ။ မှားနေသည်က လူတို့၏ စိတ်သန္တာန် ဖြစ်၏။ မူမမှန်သော ကြောက်စိတ်မျိုးဖြင့်။ ပုံမမှန်သော စိုးရွံ့ခြင်းများဖြင့်။ တချို့လူများက သောကဗျာပါဒကို သားကြီးသြရသအား ပွတ်သပ်မွေးမြူသကဲ့သို့ မွေးမြူနေကြရပြီ။ အန်တီအေး၏ သမီး ပျောက်သည် ဟူတုန်းက စိုးရိမ်စိတ်များ ကြောက်စိတ်များ ထက် ယနေ့ကြားရသည့် သတင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားချက်များက အတိုင်းမသိ ပိုလျှံသည်။ မင်းထက်သာ တစ်ယောက် စိတ်ပျက်နွမ်းလျဟန်ဖြင့် ချွေးများရွှဲကာ ဤသတင်းကိုပြောခဲ့စဥ်က ကြည်သာ သည် ကမ္ဘာတွင် နေစရာနေရာပျောက်နေသော အိမ်ခြေရာမဲ့တစ်ယောက်၏ ကြောက်ခြင်းမျိုးဖြင့်ကြောက်နေသည်။ ထို့အတူ မိမိ၏ ပင့်ကူအိမ်လေးသည် သည်ထက်ပို၍ မလုံခြုံတော့ ဟူသော အသိဖြင့် ကြံရာမရဖြစ်နေသော ပင့်ကူတစ်ကောင်၏ ကြောက်ခြင်းမျိုးဖြင့်လည်း ကြောက်နေသည်။ မကြာခင်တွင် ကြည်သာ့အိမ်တံခါးသို့ လူသတ်သမားက တံခါးလာခေါက်တော့မည်ဟု ထင်နေမိသည်။

မင်းထက်သာက ကြည်သာ့လက်ကလေးကို ဖျစ်ညှစ်ဆုတ်ကိုုင် အားပေး၏။ ကြည်သာ၏ ရင်အုံကလေးသည် နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ရင်ဟိုက် နေသော စပန့်အင်္ကျီ မော်ဒယ်စိမ်းရောင်လေးကြောင့် ရင်သားသည် ပိုမိုစွင့်ကားလာသည် အောက်မေ့ရ၏။

“ဟိုတစ်ခေါက်က ဖြစ်သလိုပဲ ကြည်သာ...ဒီနေ့တော့ သံလမ်းနံဘေးက လူစားချောင်းရဲ့ ချောင်းစပ်မှာ တွေ့တာ....ခေါင်းနဲ့ လက်ကိုပဲ ကြွပ်ကြွပ်အိတ်အမည်းနဲ့ ထုပ်ပြီး ပစ်ထားတာ....”

မြေနီနီလမ်းကြား(Completed)Where stories live. Discover now