7

247 20 1
                                    

Unicode

အဘွားကြီး ဆုံးပြီးသွားသည့်နောက်တွင် ကြည်သာ့ကြောက်စိတ်တို့ ပိုမိုတိုးလာရ၏။ ခိုကိုးရာမဲ့သည့်နှယ် ခံစားလာရသည်။ (သူက မချစ်ပေမယ့်)သူ့အား ချစ်ပေးမည့် လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရသည့်နှယ် ခံစားလိုက်ရသည်။ မုန့်အချိုလေး တစ်ဖဲ့ မည်သူစားလိုက်သည်မသိဘဲ ဝမ်းနည်းနေသည့် ကလေးငယ်ပမာ ဝမ်းနည်းမိနေသည်။ ယခုဆို သူမ၏ ခေါင်းရင်းအိမ်တွင်လည်း လူမရှိတော့။ ခြေရင်းတွင်လည်း လူမနေသည်မှာ ကြာပြီ။ အထီးတည်းဖြစ်နေသော အိမ်ထဲတွင် အထီးကျန်နေရ၏။ အဘွားကြီးဆုံးသည်ကို စိတ်မကောင်းဖြစ်သော်ငြား သူများတွေလို “မိသားစုနှင့်ထပ်တူဝမ်းနည်းရသည်”ဟူ၍ မပြောချင်။ မပြောနိုင်။ အမှန်တကယ်ပင် မည်သူကမျှ မိသားစုလောက် ဝမ်းနည်းရလိမ့်မည်မဟုတ်။ ဤသည်ကို ခြေရာတိုင်း ထပ်တူကျချင်နေကြသေး၏။

အဘွားကြီးကို နောက်ဆုံးတွေ့လိူက်သော အချိန်ကို သူမ သတိရမိသည်။ ထိုနေ့က အဘွားကြီးက သူ့ခြံထဲက ဒါန်းပေါ်မှာ ထိုင်နေခဲ့သည်ကို ပန်းရေလောင်းနေရင်းက ကြည်သာ လှမ်းမြင်လိုက်ရ၏။ အဘွားကြီးသည် တစ်နေရာရာသို့ တွေဝေငေးမောနေ၏။ ရီဝေဝေဖြင့် နဝေတိမ်တောင် ဖြစ်နေသည်။ ကြည်သာ သည် “ငါ့သမီးလေးက ငါ့အသက်ရှင်ခြင်းရဲ့ နောက်ဆုံးကြိုးမျှင်လေးပဲ” ဟူသည့် အဘွားကြီး၏ စကားကို ပဲ့တင်သံအလား ပြန်ကြားယောင်လာ၏။ ကြည်သာ ရင်ထဲ စိုးထိတ်သွားရသည်။ တစ်ယောက်ယောက်က သတိပေးလိုက်သည့်နှယ် အဘွားကြီးအပေါ် စိုးရိမ်စိတ်ကလေး ကပ်ညှိလာသည်။ သူမ အဘွားကြီးကို သွားနှစ်သိမ့်ရင် ကောင်းမည်လော။ မဟုတ်သေး။ လူတို့မှာ ချော့ရင် ပိုငိုတတ်ကြသည်တဲ့လေ။ သွားနှစ်သိမ့်မှ ဝေဒနါကို ကလော်ထုတ်သည့်နှယ် ဖြစ်နေလျှင် အဘယ်သို့ရှိမည်နည်း။ သို့ဆိုသော် အငြိမ်ကလေး ဖာသိဖာသာ နေလိုက်ရမည်လော။ ဤသို့နေရင်းက ပြောပြစရာလူမရှိဘဲ ဝေဒနာတွေ ကြိတ်မှိတ်ခံစားရသည့်အဖြစ်သို့ရောက်လျှင် မည်သို့နည်း။ နောက်ဆုံးတွင် ကြည်သာ ဆိတ်ဆိတ်နေရန်သာ ဆုံးဖြတ်လိုက်၏။ နောက်နေ့မနက်တွင် အဘွားကြီး ဆုံးသွားပြီဟူသည့် သတင်းက တစ်ရပ်ကွက်လုံးကို ဖြန့်ကြဲ သွားသည်။ သူမ အဘယ်ကြောင့် မနှစ်သိမ့်လိုက်ရသနည်းဟု စိတ်မကောင်းဖြစ်ရသည်။ နောင်တဖြစ်ရသည်။

မြေနီနီလမ်းကြား(Completed)Where stories live. Discover now