CHAPTER - 8
[Falling in Taehyung]#Unicode -
ဒီနေ့တော့ မထင်ရင်မထင်သလို ရုတ်တရက်ရွာချတတ်တဲ့ ဆောင်းဦးပေါက်ရာသီရဲ့ မိုးစက်တွေကြား ကျွန်တော်နဲ့အစ်ကိုထယ်ယောင်း ထီးလေးတစ်ချောင်းကို အတူဆောင်းရင်း ကျောင်းကပြန်လာခဲ့ကြတယ်။ မိုးက ထင်တာထက် ပိုသည်းနေခဲ့တာမို့ ထီးလေးတစ်ချောင်းက ကျွန်တော်တို့နှစ်ယောက်လုံးကို မိုးလုံအောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။
အနီးအနားမှာ မိုးခိုစရာနေရာလည်း ရှာမရတာမို့ ကျွန်တော်လည်း အစ်ကိုထယ့်ကို အနီးကပ်ဆုံးအထိ ပခုံးကဆွဲဖက်ထားလိုက်ပြီး ထီးကိုမလုံတလုံ ဆက်ဆောင်းလာခဲ့ကြတယ်။ နှစ်ယောက်သား ပိုနီးကပ်သွားတာတောင် မိုးရေလာစင်တဲ့ဒဏ်က ခံနေရတုန်းပါ။
" ထီးကို အစ်ကိုပဲဆောင်းပြီး အိမ်ပြန်လိုက်ပါတော့လား။ ကျွန်တော် ကားမှတ်တိုင်ဆီရောက်အောင် မိုးရေထဲပြေးသွားလိုက်မယ် "
ကျွန်တော် အစ်ကို့ဘက်ကိုစောင်းကြည့်ရင်း ဒီလိုပြောလိုက်မိတော့ ကျွန်တော့်စကားကို ပြန်တုန့်ပြန်ဖို့ လှည့်ကြည့်လာတဲ့ အစ်ကိုထယ်နဲ့ မျက်နှာချင်းဆိုင်သွားတယ်။ လူချင်းကလည်း အနီးကပ်ဆုံးမို့ အစ်ကို့နှုတ်ခမ်းရဲရဲတွေဟာလည်း ကျွန်တော့်နှုတ်ခမ်းသားနဲ့ တစ်လက်မတောင် မဝေးတော့တဲ့အထိ နီးကပ်သွားခဲ့ပြီ။
" ဟင့်အင်း ငါမင်းကို မိုးမမိစေချင်ဘူး "
ကရုဏာအငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ အစ်ကို့ရဲ့ ကွဲအက်အက် အသံသြသြလေးက နားကတစ်ဆင့် ကျွန်တော့်နှလုံးသားထဲအထိ ထိုးဖောက်စိမ့်ဝင်လာတယ်။ ကရုဏာအကြည့်တွေနဲ့ မျက်ဝန်းညိုတွေကလည်း ကျွန်တော့်စိတ်ဝိညာဥ်ကို ဖမ်းစားယူငင်ပြီး ရင်ခုန်သံကို မြန်ဆန်လာစေတယ်။
ဒီအခိုက်အတန့်လေးမှာပဲ ကျွန်တော့်နှလုံးသားဆီက တဒုတ်ဒုတ်ရင်ခုန်သံဟာ ကျွန်တော့်တစ်ကိုယ်လုံးကို ပူနွေးပြင်းရှတဲ့ ခံစားချက်မျိုး လွှမ်းခြုံသွားစေတယ်။ အနီးကပ်မြင်နေရတဲ့ အစ်ကို့မျက်ဝန်းလှလှတွေဟာလည်း ကျွန်တော့်ခြေလှမ်းတွေရပ်ပြီး ငေးနေမိစေတဲ့အထိ ညှို့ပြီးရင်း ညှို့ယူနေခဲ့တယ်။
YOU ARE READING
Rain On Me (Completed)
Kısa Hikaye🏅Best Fiction Award (Eden Contest) မိုးတဖွဲဖွဲရွာတဲ့ နေ့လေးတစ်နေ့မှာ ကျွန်တော့်ဘဝရဲ့ ပထမဆုံး သူငယ်ချင်းနဲ့ ဆုံတွေ့ခွင့်ရခဲ့တယ်။ နောက်တော့ သူက ကျွန်တော့်ရဲ့ ပထမဆုံးချစ်သူဖြစ်လာခဲ့ပြီး မိုးရာသီဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်တည်လာခဲ့တယ်။