Part-6

148 26 3
                                    

နတ်ဘုရားကတဲ့ကြိုး
Part-6

ဘာလိုလိုနဲ့ ဒီနေ့ဆိုလျှင် နန်းတွင်းဝင်ရတော့မည့်နေ့ကိုတောင် ရောက်လာခဲ့ပြီ။ ရှင်းအာနှင့်ချင်းအာ ညီအမနှစ်ယောက်က ဘေးကနေသူ့ကို ဆံပင်ဖြီးလိမ်းပြင်ဆင်ဖို့ ကူညီပေးနေကြသည်။ သူသည် ယောက်ျားလေး တစ်ယောက်ဖြစ်ပေမဲ့ အိမ်ရှေ့စံ မိဖုရားနေရာ အရွေးချယ်ခံရမှာ ဖြစ်သည့် အတွက်ကြောင့် ယောက်ျားလေးတစ်ယောက် အသွင်အပြင် မရှိစေရပဲ မိန်းကလေးတစ်ယောက် အနေဖြင့်သာ နန်းတွင်းကို ဝင်ရမည်ဖြစ်သည်။ ဒါဟာ နက္ခတ်တာရာအကြီးအကဲမှ ချမှတ်သည့် ဘုရင့်အမိန့်တော် ဖြစ်သည့်အတွက်ကြောင့် သူတို့မိသားစု ဒီကိစ္စကို ငြင်းဆန်၍မရပါ။

အိမ်ရှေ့စံ မိဖုရားရွေးချယ်ပွဲက သုံးရက်ကျင်းပမှာဖြစ်ပြီး အဲ့ဒီ သုံးရက်စလုံး နန်းတော်ထဲက အပျိုတော်ဆောင်မှာပဲ အသီးသီးနေရာချထားပေးမည်ဟု သိရသည်။ ဒီနေ့နန်းတွင်းဝင်ရမည့်ရက်ဖြစ်သည့်အတွက်ကြောင့် ချန်အိမ်တော်မှာ မနက်မိုးလင်းကတည်းက အစေခံများ ပြင်ဆင်ကြရင်း အလုပ်များနေကြသည်။

သူ့အတွက်တော့ အရေးမကြီးသည့် အိမ်ရှေ့စံမိဖုရားရွေးချယ်သည့်ပွဲ ဖြစ်ပေမဲ့ ဖခင်ဖြစ်သူ ချန်စစ်သူကြီးကတော့ ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထားတာ သေချာပါသည်။ ပြီးခဲ့သည့် တစ်ပတ်တာအတောအတွင်း အဝတ်အစား၊လက်ဝတ်ရတနာကအစ ချန်အိမ်တော် မျက်နှာမပျက်ရလေအောင် သေချာပြင်ဆင်နေသည်မဟုတ်ပါလား။

တစ်ပတ်အတောအတွင်း သူ့မှာ စောင်းတီးသင်ရသည်။ ကဗျာစပ်ဆိုလည်း ကဗျာစပ်... အကဆိုလည်းအက ဘယ်ဖက်ကမှ မလွတ်ရအောင် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကအစ သက်ဆိုင်ရာ ဆရာတွေ ခေါ်ပြီး ဖခင်ဖြစ်သူ ကိုယ်တိုင် ကြပ်မတ်ပြီး သင်ကြားပေးသည်။ တစ်ရက်ကလေးမပြောနှင့် တစ်နာရီတောင်အလစ်မပေးတာကြောင့် မနေ့က ကောင်းအကိုနှင့် ချိန်းဆိုထားသော ဆိုင်ကိုတောင် သူ့မှာ မသွားနိုင်ပါ။ ချိန်းဆိုထားပြီး မရောက်လာ၍ ကောင်းအကို သူ့အပေါ် စိတ်မကွက်လောက်ဘူးဟု သူမျှော်လင့်ရပါသည်။

ဆံပင်နှင့်မျက်နှာကို အလှဆင်ယင်ပြီးသွားလေသည်။ မှန်ထဲမှာ မြင်ရသော သူ့ပုံရိပ်က တကယ့်မိန်းမပျိုလေးတစ်ယောက်အလား လှပနေသည်။ ဆံပင်ကို ထုံး၍ အနောက်မှာ ဖြန့်ချထားပြီး လှပသော ပန်းခက်အနွယ်တွေပါဝင်သည့် ရွှေရောင် ခေါင်းဆောင်းကို ဆောင်းပေးထားသည်။ ခေါင်းဆောင်းမှာပါဝင်သည့် မဟူရာကျောက်နီတွေက အရည်အသွေးကောင်းလွန်း၍ တလက်လက်ထနေလေသည်။

နတ်ဘုရားကတဲ့ကြိုး-နတ္ဘုရားကတဲ့ႀကိဳးWhere stories live. Discover now