အခန်း(၁)
အိမ်မက်
ခပ်မတ်မတ် လူသွားလမ်း ဂုံးကျော်ပေါ် တက်သွားပြီး အပေါ်အရောက်တွင် ရှိန်း တစ်ယောက် ဘေးရှိ လက်ရန်းတန်းကို မှီရင်း ခဏအမောဖြေလိုက်သည်။ ပြာလဲ့လဲ့ ကောင်းကင်ကြီး ကိုမူ တိမ်လွှာ ခပ်ပါးပါးက ဟိုတစ၊သည်တစနှင့် အလှဆင်ထား လေသည်။ အိမ်စီးကား၊ တက္ကစီ၊ ဘတ်စ်ကား၊ ကုန်တင်ကား စသည့် ကားမျိုးစုံတို့သည် ဂုံးကျော်အောက်မှ ဖြတ်ကာ ဟိုမှသည် သွားလာနေကြသည်။ ဘာရယ် မဟုတ်ဘဲ အောက်ဖက်သို့ ငုံ့ကြည့်လိုက်စဉ် အမြင့်တနေရာ ရောက်တိုင်း သတိရနေကျ ဖြစ်သော လူတယောက် မျက်နှာသည် အတွေးထဲတွင် ဖြတ်ခနဲ ပေါ်လာလေသည်။ အသားခပ်လတ်လတ်၊ မျက်ခုံး ခပ်ထူထူ၊ ပြုံးယောင်သန်းနေသော နှုတ်ခမ်း၊ ခပ်ထင်းထင်းနှာတံ နှင့် ပုံကျကျ မေးရိုး သည်တို့ဖြင့် ပုံဖော်ထားသော မျက်နှာပိုင်ရှင် ထိုလူ၏ အကြည့်များတွင် နွေးထွေးသော ခံစားမှုတချို့ပါနေသည်။ ဘာကြောင့်ရယ်တော့ မပြောတတ်ပေမဲ့ ထိုလူ မျက်နှာကို ပုံဖော်ကြည့်မိတိုင်း လွမ်းဆွေးဆွေး ခံစားချက်တချို့ရစမြဲပင်။ ရှိန်း၏ မာတာ မိခင်ကတော့ 'အရင်ဘဝက အဆက်ဟောင်း' ဖြစ်နိုင်သည်ဟု စစနောက်နောက် ပြောဖူးသည်။ အမှန်တကယ် ဟုတ်ခဲ့ရင်တောင် ယခုဘဝထိ မှတ်မိနေတာမျိုးကြီးကို ရှိန်း သိပ်ဘဝင်မကျလှ။ ယခင်ဘဝက ရှိန်းသည် မိန်းကလေး ဖြစ်ကောင်းဖြစ်ခဲ့နိုင်သော်လည်း ယခုဘဝမူ ယောက်ျားလေးအဖြစ် မွေးဖွားလာပြီးနှင့်နေပြီ။ နုနုနယ်နယ် မိန်းကလေး တယောက်က ယောက်ျားလေး တယောက်ကို အိမ်မက်မက်နေသည် ဆိုလျှင် တော်သေးသည်။ ရှိန်းလို ရာနှုန်းပြည့် ယောက်ျားလေး တယောက်မှန်း သိသာနေသောလူက တခြား ယောက်ျား တစ်ယောက်ကို အိမ်မက်မက်နေသည် ဟူသည့် ဖြစ်စဉ်ကြီးကတော့ ကသိ့ကအောက့် နိုင်လှသည်။ အမောလည်းပြေပြီမို့ သွားလိုသော ဂုံးကျော် တဖက်ဆီ ခပ်သုတ်သုတ် ဆင်းမိတော့သည်။
သွားနေမကျသော နေရာမို့ အင်တာဗျူးဝင်ရမည့် နေရာကို မနည်းကြီး ရှာယူလိုက်ရသည်။ တိုက်ခန်းရှေ့ ရောက်တော့ အင်တာဗျူး ဝင်ရမည့်အချိန်ထက် ၅မိနစ်ခန့်ပင် ကျော်နေသည်။ ဂုံးကျော်ပေါ်တွင် ရောက်တတ်ရာရာ ရပ်တွေးနေမိသော ကိုယ့်ကိုယ်ကိုယ်ပင် အပြစ်တင်မိတော့သည်။ ဓာတ်လှေကား မရှိသော တိုက်ခန်း၏ ၄လွှာမှာမို့ လှေကားကိုပင် ခပ်မြန်မြန် ပြေးတက်လိုက်တော့သည်။ လှေကား ထောင့်ချိုး နေရာ အရောက်၊ အပေါ်မှ ဆင်းလာသော လူကို တည့်တည့်ကြီး တက်တိုက်မိ တော့သည်။ တဖက်လူ လက်ထဲမှ လက်ဆွဲအိတ်လည်း လွတ်ကျ သွားသလို၊ ရှိန်းလက်ထဲမှ ဖုန်းလည်း လွတ်ကျသွားသည်။ စတိုင်ပန်နှင့် ရှပ်လက်ရှည် အဖြူကို သပ်ရပ်စွာ ဝတ်ထားကာ ကုတ်အကျီကို လက် တစ်ဖက်တွင် ခေါက်ကိုင်ထား သောကြောင့် မျက်နှာကို မော့မကြည့်မိဘဲ လူကြီးတယောက်ဟု ရှိန်းယူဆကာ
YOU ARE READING
My Devoted One
Fiksi Sejarah"စိန်ပန်းနီနီတွေကို တွေ့ရင်---လူတွေက နွေရာသီကိုသတိရတယ်တဲ့ ဒါပေမဲ့ ကိုယ်တော်ကတော့ စိန်ပန်းနီနီကို တွေ့တိုင်း မင်းကိုပဲ သတိရတယ် သူရကျော်စွာ---။" သူရကျော်စွာ(ရှိန်း) တကယ်ဆို ချစ်ရသူကို တစ်ဦးတည်း ပိုင်ဆိုင်ချင်ရုံလေးပါပဲ။ ထိုအရာက ခက်ခဲနေလွန်းသည်လား။ န...