၂၇ အဆကျ

5.5K 873 22
                                    


သူတို့ အနောက်တံခါးမှ ထွက်လိုက်ချိန်တွင် မည်သူမျှရှိမနေပေ။ အဆောက်အဦ အခြားတဖက်ခြမ်းမှ ဆူပူသံများကိုမူ သူတို့ ကြားရသေးသည်။

“ ဒီနေရာဆို အဆင်ပြေပါပြီ။ ကျွန်တော်မာရှယ်ကို ဒီနေ့ ဒုက္ခပေးတာများပြီ”
သူက အနည်းငယ်ငုံ့ကိုင်းကာ ဦးညွှတ်လိုက်သည်။ သူ သည်နေ့ထပ်ပြီး ဟော်ယွင်ချန်းကို ဒုက္ခမပေးချင်တော့ပေ။ သို့သော် သူ ထွက်သွားတော့မည့်အချိန်တွင်ပင် သည်နေရာသို့ အပြေးလာနေသော ခြေလှမ်းသံများကို ကြားလိုက်ရကာ စိတ်ရှုပ်ထွေးပြီး ဘာကိုမှ မတွေးနိုင်ဖြစ်သွားသည်။ထိုသို့ဖြင့် ဟော်ယွင်ချန်း၏ လက်ကို ဆွဲကာ ကားဆီသို့ ပြေးလာလိုက်မိသည်။

ဟော်ယွင်ချန်း၏ မျက်ဝန်းများက အနည်းငယ် ကွေးသွားသည်။ သူက ကျွမ်းကျင်စွာဖြင့် ကားပျံကို အမြန်မောင်းထွက်ကာ သတင်းထောက်များကို ချန်ထားရစ်နိုင်ခဲ့သည်။

“ ဒါ..ဒီလိုနဲ့ ကျွန်တော်ထပ်ပြီး ဒုက္ခပေးမိပြန်ပြီ။ .. ဒီနေ့အတွက် တကယ်ကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်”
ယွမ့်ထန်း ရှက်ရွံ့စွာ ပြောလိုက်သည်။

“ ရပါတယ်”
ဟော်ယွင်ချန်းက သူ့ကို တစ်ချက်ကြည့်မိပြီးနောက် မပြုံးဘဲ မနေနိုင်တော့ပေ။ သူက စာဖိုမှူးအစည်းအ၇ုံးမှ ဝေးရာသို့ ကားပျံကို လျှင်မြန်စွာ မောင်းနှင်လိုက်သည်။မည်သူမျှမလိုက်လာကြောင်း သေချာသည့်အခါ မေးလိုက်သည်။
“မင်းရဲ့ လိပ်စာကရော…”

သူက လိပ်စာကို ပြောလိုက်သည်။ ယွမ့်ထန်းက ဆက်ပြောလိုက်၏။
“ တကယ်လို့ မာရှယ် ခင်များရော ကျွန်တော့်ကို လိပ်စာမပေးချင်ဘူးလား။ ကျွန်တော် အရသာရှိတာတွေ ချက်ပြီး ပို့ပေးမယ်လေ”

သူ ထိုကျေးဇူးကို မည်သို့ ပြန်ဆပ်သင့်ကြောင်း မသိပေ။သူ ကောင်းကောင်းလုပ်နိုင်သည်မှာ ချက်ပြုတ်ခြင်းသာ ရှိသည်။

“ ကိုယ့်ကို ဖိတ်ကျွေးလိုက်တာက ပိုမကောင်းဘူးလား”
ဟော်ယွင်ချန်း၏ လက်က ဗိုက်ကို နှစ်သိမ့်ဟန်ဖြင့် တစ်ချက် ပွတ်သည်။ ဗိုက်ထဲမှ ဂွီခနဲ မြည်လာ၏။

“ ကိုယ် တစ်နေ့လုံး ဘာမှမစားရသေးဘူး”

စစ်ယူနီဖောင်း ၀တ်ထားသော ရုပ်တည်နှင့်လူ၏ ဗိုက်က ဆာလောင်မှုကြောင့် အော်ဟစ်နေသည်။ယွမ့်ထန်း ရယ်ချင်သွားသည်။ သို့သော် တဖက်သူ၏ မျက်နှာတည်တည်ကြောင့် နှုတ်ခမ်းကို ထိန်းလိုက်ရ၏။ တဖက်သူက သူ့အတွက်ကြောင့်နှင့် တစ်နေ့လုံးဘာမှမစားခဲ့ရကြောင်း သတိရမိသည့်အခါ သူ အပြစ်မကင်းသလို ခံစားလိုက်ရသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Onde histórias criam vida. Descubra agora