1🌹

1K 75 6
                                    


ဘယ်အချိန်ကစပြီး သူ့ထက် အသက် တစ်နှစ်ပဲ ကြီးတဲ့ အဲ့ဒီလူက သူ့ရဲ့ ကိုကို ဖြစ်လာခဲ့သလဲ ဒိုယောင်း မမှတ်မိတော့ပေမယ့်  လူတစ်ယောက်ရဲ့ မှတ်ဥာဏ်ကို ဒိုယောင်း ပိုင်ဆိုင်ရပြီးပြီးချင်းမှာပဲ ပထမဆုံး မှတ်မိနေခဲ့တာက  "ဒိုယောင်းလေးက ကိုကို့ကို ကာကွယ်ပေးရမယ် " ဆိုတဲ့ သူ့မိဘတွေဆီက စကားတစ်ခွန်းပဲ ဖြစ်တယ် ။

ဒိုယောင်း တွေးလို့မရတာက သူက ဘာလို့ အဲ့ဒီလူကို ကာကွယ်ပေးရမှာလဲ ဆိုတာပါပဲ ။ ဒိုယောင်း က ကိုကို့ထက် အရပ်အနည်းငယ်လောက် ပိုရှည်တာကလွဲပြီး ကိုကိုက အသက်ကြီးတာမို့ ကိုကို တောင် ဖြစ်နေပြီး ဘာလို့ ဒိုယောင်းက ကာကွယ်ပေးရမလဲ ။ အဲ့လို ပြန်မေးတော့ " ဒိုယောင်း က စကားတတ်လိုက်တာ ၊ ဥာဏ်ကောင်းလိုက်တာ " အဲ့လိုမျိုးနဲ့ လူကြီးတွေက ဒိုယောင်းရဲ့ မေးခွန်းကို ရှောင်လွှဲသွားတတ်တာမို့ အဲ့ဒါကို ဒိုယောင်းရဲ့ ထက်မြက်လှတဲ့ ဦးနှောက်ဥာဏ်တောင် လိုက်မမှီခဲ့ပါဘူး ။

ဒိုယောင်းရဲ့ ပထမဆုံး မှတ်ဥာဏ်မှာတင် လီထယ်ယုံး ဆိုတဲ့လူက အဲ့ဒီလိုမျိုး စိတ်ရှုပ်စရာပဲ ။

ထယ်ယုံး ကလည်း စိတ်ရှုပ်စရာကာင်းလောက်အောင် ဒိုယောင်း အနားမှာ တွယ်ကပ်နိုင်လွန်းရဲ့ ။

အိမ်ချင်းကပ်ရက်ရှိတာမို့ ဒိုယောင်း နဲ့ ထယ်ယုံးက အမြဲတမ်း အတွဲလိုက်ရှိနေခဲ့ပေမယ့် ကလေးအရွယ်ကတည်းက သူတို့နှစ်ယောက်က လုံးဝကို မတူညီကြတဲ့ လူနှစ်ယောက်ပဲ ။ ကိုယ်လက်လှုပ်ရှားပြီး ဆော့ကစားရတာကို မကြိုက်တဲ့ ဒိုယောင်း က ကာတွန်းစာအုပ် တစ်အုပ်ကို အေးအေးဆေးဆေး ထိုင်ဖတ်နေတတ်တဲ့ အချိန်မှာ ထယ်ယုံးက ဒိုယောင်း မျက်စိရှေ့မှာ  ဘောလုံးတစ်လုံးနဲ့ ဆော့ကစားနေတတ်တယ် ။ ဒိုယောင်း အာရုံမစိုက်မိအောင် နေပေမယ့် မရဘူး ။ သိပ်မကြာခင်မှာပဲ ထယ်ယုံးဟာ မဆင်မခြင် ဆော့ကစားရင်း ထိခိုက်မိပြီး ငိုလာတတ်ပြီး ဒိုယောင်း က အဲ့ဒီငိုသံကြောင့် ပိုပြီး စိတ်ရှုပ်ရတာကြောင့်ပါပဲ ။

ထယ်ယုံးမှာ ဆော့ကစားရင်း အနာတရလည်း များသလို အမာရွတ်ကျန်ခဲ့တာမျိုးတွေလည်း ရှိတတ်ပြီး ထယ်ယုံးက အဲ့ဒီအမာရွတ် တစ်ချို့ကြောင့် ဂျီကျနေတတ်တာမျိုးလည်း ရှိတယ် ။မျက်လုံးထောင့်စွန်းက အမာရွတ်လေးကို မှန်ကြည့်တိုင်း ငိုနေတတ်တဲ့ ထယ်ယုံးကြောင့် ဒိုယောင်းမှာ မတတ်သာပဲ ဦးနှောက်သေးသေးလေးထဲက အကြံကုန်ထုတ်သုံးပြီး အဲ့ဒီ အမာရွတ်နေရာမှာ နှင်းဆီပန်းပုံကို ဘောပင်အနီရောင်နဲ့ ရေးဆွဲပေးလိုက်ရပြီးနောက်မှာ ထယ်ယုံးက မငိုတော့တဲ့အပြင် သဘောတကျနဲ့ ကြွားနေတတ်ပြီး မှင်ရောင်ပျက်သွားပြီးနောက်မှာတောင် အရင်လို မငိုတော့တာမို့ လူကြီးတွေက ထယ်ယုံး မငိုဖို့ရာအတွက် ဒိုယောင်းကိုသာ အပ်ထားကြတော့ ဒိုယောင်းက ကိုကို့ရဲ့ ကလေးထိန်းလိုမျိုး ဖြစ်လာခဲ့တော့တာပင်။

This RoseWhere stories live. Discover now