ကင်ဒိုယောင်းက သူ့ရဲ့ မျက်ဝန်းသေတွေထဲမှာ တစ်စုံတစ်ခုကို ဖွက်ထားတယ်လို့ ထယ်ယုံး ခံစားရတယ်။ ဒါပေမယ့် အဲ့ဒါကို ကင်ဒိုယောင်းက ထုတ်မပြသရွေ့ ဘယ်သူမှ သိနိုင်မှာမဟုတ်တာကိုလည်း လက်ခံလို့ရတယ် ။ ဘာလို့ဆို သူတောင်မှပဲ ... ။
နည်းနည်းတော့ မတရားဘူးလို့ ထင်တယ် ။ ကင်ဒိုယောင်း ကတော့ သူ့မှာရှိသမျှ အကုန်မြင်နိုင်ပြီး သူကတော့ ကင်ဒိုယောင်း ဖော်ပြသမျှကိုပဲ သိခွင့်ရလို့ပဲ ဖြစ်တယ် ။
တစ်ရက်မှာတော့ ကင်ဒိုယောင်းက သူဖွက်ထားတဲ့အရာတစ်ခုကို ဖွင့်လှစ်ပြလာတယ် ။ ရာသီဥတုက သာယာနေပြီးမှ ရုတ်တရက်ကြီး မိုးရွာချလာတဲ့ အဲ့ဒီလိုနေ့တစ်ရက်မှာပေါ့ ... ။
အဲ့ဒီမတိုင်ခင်က အဲ့ဒီနေ့မှာ သူတို့ အတန်းပိုင်ဆရာ ခွင့်ယူထားတာမို့ သူတို့စာသင်ခန်းက ဆူညံစွာ လွတ်လပ်နေခဲ့တယ် ။
"ကင်ဒိုယောင်း .. ရားး .. ကင်ဒိုယောင်း"
ကင်ဒိုယောင်းဟာ သူ့ဆံပင်ရှည်တွေကို သေချာဖြီးသင်မလာပြန်ဘူး ။ ခေါင်းငုံ့ပြီး စာအုပ်ထဲ တစ်ခုခုကို ထိုင်ပြီးရေးခြစ်နေတာ ဆံဖျားတွေက မျက်ဝန်းတွေကို ဖုံးအုပ်နေရတဲ့အထဲ သူ့ကို လှည့်တောင် မကြည့်တော့ အကြည့်ချင်း ဆက်သွယ်လို့မရပဲ စကားပြောရမှာကို သိပ်သဘောမကျလို့ လှည့်ကြည့်သည်အထိ အဲ့ဒီနာမည်ကိုပဲ ဆက်ခေါ်ရင်း ဒီနာမည်ကို ဆက်တိုက်ခေါ်နေရတာကပဲ ကဗျာတစ်ပုဒ်လို ဖြစ်လာတယ်။ လူတွေက အဲ့ဒါမို့ ကဗျာတွေကို သဘောကျတာကိုးလို့လည်း တွေးမိလိုက်သေးတယ်။
"ဘာလဲ .. အတန်းလစ်ဖို့ ပြောမလို့လား . မလိုက်ဘူး "
"အားးး လန့်လိုက်တာ .. မင်းက သရဲလား .."
ကင်ဒိုယောင်း က အဲ့ဒီလို ကောင်ကလေးပဲ ။ သူ ဘာမှမပြောရသေးခင် သူဘာပြောမလဲဆိုတာ အရင် ကြိုသိနေလောက်အောင်ကိုပဲ သူ့ကို သိမြင်နိုင်တယ် ။ ဒါပေမယ့် သူ့ကို ငြင်းနေတုန်းပဲ ။ တစ်ခါ နှစ်ခါငြင်းတာနဲ့ လက်လျှော့ရအောင် တခြားသူမှ မဟုတ်တာ လီထယ်ယုံးပဲ ။
"အမှန်အတိုင်း ဝန်ခံရရင် ငါ တစ်ခါမှ ဘယ်သူနဲ့မှ အပြင်ထွက်မလည်ဖူးဘူး "
