ကင်ဒိုယောင်း နေထိုင်တဲ့ အိမ်ဟာ ထယ်ယုံး အိပ်ခန်း တစ်ခန်းစာလောက်တောင် မကျယ်ဝန်းဘူး ။ ဒါပေမယ့် အိမ်နဲ့ ပိုတူတယ်လို့ ခံစားရပြီး နွေးနွေးထွေးထွေးလေးပဲ ။ ကင်ဒိုယောင်း ရဲ့ ပစ္စည်းတွေဟာ သပ်သပ်ရပ်ရပ် အစီအစဥ်တကျ စီထားတာကပဲ ကြည့်လို့ကောင်းနေသေးတယ် ။
"နွေးသွားအောင် ကော်ဖီတစ်ခွက်လောက် သောက်လိုက် "
သူ့ခန္ဓာကိုယ်ပေါ်မှာ ကင်ဒိုယောင်း အဝတ်အစားတွေ ရှိနေတယ်ဆိုတာကို အတွေးထဲကနေ မကြာခဏ မောင်းထုတ်ပစ်ရတယ် ။ ပြီးတော့ ကင်ဒိုယောင်းရဲ့ အိပ်ခန်းထဲ ရောက်နေတယ် ဆိုတာရောပဲ ။ အဲ့ဒါကိုပဲ ဆက်တိုက်တွေးနေမိရင် ထယ်ယုံး ရူးသွပ်သွားတော့မလိုပဲ ။
ကော်ဖီ နှစ်ခွက်ဖျော်ပြီး ယူလာတဲ့ ကင်ဒိုယောင်းကလည်း သူ ဝတ်ထားတာနဲ့ ခပ်ဆင်ဆင်တူတဲ့ အပြာရောင် တီရှပ်ကိုပဲ ဝတ်ထားတယ် ။ ပြီးတော့ အင်္ကျီခေါက်ရာက သပ်သပ်ရပ်ရပ်ရှိပေမယ့် နည်းနည်းဟောင်းနေပြီလို့တော့ ထင်ရတယ် ။ ဘာလို့ဆို အရမ်း လျော့တိလျော့ရဲ ဖြစ်နေသလိုပဲ။ သူ့ကို ကော်ဖီခွက်ကို လှမ်းပေးတဲ့အခါ တီရှပ်ရဲ့ ပုခုံးသားက အနည်းငယ် လျောကျသွားတယ် ။
အာ !! ကင်ဒိုယောင်း ရဲ့ ညှပ်ရိုးတွေ !!
အတွေးထဲက မောင်းထုတ်နေရတာတွေ များလာတယ် ။ မောင်းထုတ်တယ် ၊ ပြန်ရောက်လာတယ် ။ ငြိမ်ငြိမ်လေး ထိုင်နေပေမယ့် သူ့မှာ ခက်ခက်ခဲခဲ ထွက်ပြေးနေရသလိုပဲ ။
"ဘာဖြစ်လို့လဲ"
"ကော်ဖီက ကဖိန်းဓာတ် နည်းနည်းများတယ်ထင်ပါတယ် "
"အရူး !! အခုထိ မသောက်ရသေးပဲနဲ့ "
သူ့ဆီက ဘာမဆို သိတဲ့ ကင်ဒိုယောင်းက သူဖြစ်နေတာကို ဘာမှ မသိပဲ နေပါ့မလား ။ ကင်ဒိုယောင်း က သူ့ရဲ့ ပင်ကိုယ် မျက်ဝန်းသေတွေနဲ့ပဲ ကြည့်လာတယ် ။ ဒါပေမယ့် အဲ့ဒီမျက်ဝန်းသေတွေဟာ တစ်ခဏလောက် လှုပ်ရှားသွားတာကို သူ ဖျတ်ခနဲ မြင်လိုက်ရတယ် ။ အဲ့ဒါက ဘာလဲဆိုတာ သိရဖို့အတွက် သူကြိုးစားနေတုန်းမှာပဲ ကင်ဒိုယောင်းက ဖွက်ထားလိုက်ပြန်တယ် ။
"ဒိုယောင်း .. ငါ "
"ငါလည်းထင်ပါတယ် .. ငါ့ကော်ဖီကပဲ ပြဿနာ ဖြစ်နေတာ ဆိုတာ"