"ငါပြောသားပဲ .. ဘယ်လိုဖြစ်ဖြစ်
မင်းက ငါ့ကို အရင် လာရှာမှာပါပဲလို့ "စိတ်ရှိတိုင်းသာဆို ကင်ဒိုယောင်း ကို သူ လက်သီးနဲ့ နှစ်ချက်လောက်တော့ ဆင့်ထိုးမိတော့မယ် ။ ဒီ အခြေအနေက သူ့ကို စကားနိုင်လုဖို့ အခြေအနေကောင်းလည်း မဟုတ်ပဲနဲ့ ။ ကင်ဒိုယောင်း နဲ့ သူနဲ့ကြားမှာ သံဇကာ ပါးပါးလေး တစ်ခုသာ ခြားမထားရင် စိတ်ရှိလက်ရှိ ထုရိုက်မိမှာ အသေအချာပဲ ။
"တစ်ယောက်တည်း ထွက်ပြေးသွားပြီးမှ လွတ်အောင် မပြေးတတ်ဘူးလား .. ဟင် .. ဘာလို့ ငါက .. ဒီလိုနေရာမျိုးမှာ မင်းကို လာ တွေ့ရအောင် လုပ်တာလဲ "
ထယ်ယုံး ဒေါသတကြီး ဆူပူကြိမ်းမောင်နေတာကို ကင်ဒိုယောင်း က သူ့ကိုကြည့်ပြီးတော့ ပြုံးတောင်ပြုံးနေလိုက်သေးတယ်။ လှောင်ရယ်တဲ့အပြုံးတော့ မဟုတ်ပေမယ့် အဲ့ဒါကလည်း နည်းနည်းတော့ မုန်းဖို့ကောင်းတာပဲ ။
"ငါ အရင် နေခဲ့တဲ့အိမ်ကို သိတယ်မှလား ၊ အဲ့ဒီအိမ်ကို သွားလိုက်ရင် ကလေးမလေး တစ်ယောက်ကို တွေ့လိမ့်မယ် ။ ယောင်းအီ ကို ငါ့အစား စောင့်ရှောက်ပေးလို့ ရမလား ။ အလွန်ဆုံး ဆယ်နှစ်လောက်ပေါ့ ၊ အသက် ၂၀ ဆိုရင်တော့ သူ့ဘဝသူ တာဝန်ယူနိုင်လောက်ပါပြီ ။ ပြီးတော့သူက ငါနဲ့ သိပ်တူတာမို့ မင်းမြင်ရင် ချစ်သွားမှာပါပဲ "
"ရား !! ကင်ဒိုယောင်း"
သူ့အသံ နည်းနည်းကျယ်သွားတယ် ။ ဘေးမှာ စောင့်နေတဲ့ police က လှည့်ကြည့်လာတာမို့ အသံကို ပြန်လျှော့လိုက်ရတယ်။
"ဒီနေရာမှာ ရှိနေရမယ့်လူက မင်း မဟုတ်ဘူးလေ .. ဘာလို့ "
"လီထယ်ယုံး .. ချစ်တယ် "
နောက်ဆုံးတော့ ကင်ဒိုယောင်း ဟာ သူ့ကို တိတ်ကျသွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ကောင်းကောင်းကြီး သိနေပြန်တာပဲ ။ ဒီနေရာမျိုးမှာ ဒီလိုပုံစံနဲ့ ကြားရသင့်တဲ့ စကားမျိုး မဟုတ်ပေမယ့် ကင်ဒိုယောင်းဆီကနေ ဒီစကားတစ်ခွန်းကို ကြားရတာက ထယ်ယုံးကို အသက်ရှုဖို့တောင် ရပ်တန့်သွားစေတယ်။
"အချိန်စေ့ပါပြီ"
"ငါ့ကိုရော ပြန် မပြောတော့ဘူးလား"