ဆယ်နှစ်
ဆယ်နှစ်ကြာပြီးနောက်မှာ ကင်ဒိုယောင်းအိမ်ကို သူ နောက်တစ်ခါရောက်လာခဲ့ပြန်တယ် ။ အိမ်လို့တော့ ပြောလို့မရဘူး ။ ကင်ဒိုယောင်းရဲ့ နေရာလို့ ပြောရင် ပိုမှန်မလားပဲ ။ အဲ့ဒီနေရာက ကင်ဒိုယောင်း ပုန်းခိုနေတဲ့ နေရာဖြစ်တယ် ။ဒီတစ်ခါလည်း သူ ထပ်ပြီးထွက်ပြေးလို့မရပြန်ဘူး။ ကင်ဒိုယောင်းက သူ့ ခန္ဓာကိုယ်ကိုရော ခြေတွေ ၊ လက်တွေရောကို ကြိုးနဲ့ စည်းနှောင်ထားတယ် ။ အဲ့လို စည်းနှောင်မထားရင်တောင် သူက ထွက်ပြေးမယ့်သူမို့လို့လား ။
သူ နိုးထလာတော့ ကင်ဒိုယောင်းက သူ့ရှေ့မှာ ရပ်နေခဲ့ပြီပဲ။ ဆယ်နှစ်ကြာ သူ့ရှေ့ကို ရောက်မလာခဲ့ဖူးတဲ့ ကင်ဒိုယောင်းပဲ ။ သူ မောပန်းလို့ လဲကျလုမတတ် ရှာခဲ့ပေမယ့် ရှာမတွေ့ခဲ့တဲ့ ကင်ဒိုယောင်းက သူ့ရှေ့မှာ ရှိနေခဲ့ပြီပဲကို သူက ဘယ်နေရာကို ထပ်ပြီး ထွက်ပြေးရအုံးမလဲ ။
"Doyoung ahh !!
ဒီအတောအတွင်း ဘယ်လိုနေခဲ့လဲ "အမှန်တော့ ဒါက သူပြင်ဆင်ထားတဲ့ စကားတွေ မဟုတ်ဘူး ။ ဆယ်နှစ်ကြာ ပုန်းကွယ်နေတဲ့ လူတစ်ယောက်ကို ပြန်တွေ့တဲ့အခါ ပြောပစ်ဖို့ စကားတွေ မေ့သွားမှာစိုးလို့တောင် သူ့ မှတ်စုစာအုပ်ထဲ အတွေးပေါ်လာတိုင်း ချရေးထားခဲ့တာတောင် အဲ့ဒီစကါးတွေက ထွက်မလာခဲ့ဘူး ။
"မင်း .. မေးသင့်တာက အဲ့ဒါမဟုတ်တာကို သိတယ်မှလား "
ကင်ဒိုယောင်းက မပြောင်းလဲစေချင်တာတွေ အကုန် ပြောင်းလဲသွားခဲ့ပေမယ့် အမြင်ကပ်စရာကောင်းတဲ့ မပြောင်းမလဲ အေးတိအေးစက် ကောင်ကလေး ဖြစ်နေတုန်းပဲ ။
"ငါ လူမှားနေတယ်လို့ ထင်တာ ၊ ဒီလောက် အေးတိအေးစက်ဖြစ်နေပုံ ကြည့်ရတာ တကယ်ကြီး ကင်ဒိုယောင်းပဲ "
သူက ခပ်ဖွဖွ ပြုံးလိုက်ပေမယ့် ကင်ဒိုယောင်း က ပြုံးမလာဘူး ။
"မင်းစိတ်ထဲမှာ ငါက မင်းသိခဲ့တဲ့ ကင်ဒိုယောင်း မဟုတ်ဖို့ မျှော်လင့်နေတဲ့ပုံပဲ "
ကင်ဒိုယောင်း က သူ့ကို တကယ် မသိဘူးပဲ ။ ဒီလေါက်ထိ သူ့ကို သိမြင်နိုင်တဲ့ ကင်ဒိုယောင်းက ဘယ်ပျောက်သွားပြီလဲ ။နည်းနည်း ဝမ်းနည်းဖို့ကောင်းတယ် ။
"ဟင့်အင်း .. ငါ့ရှေ့မှာရှိနေတာက မင်းဖြစ်နေလို့
ငါ မကြာခဏ မက်တတ်တဲ့ အိမ်မက်လို့တောင် ထင်ပြီး ပျော်နေသေးတာ"ကင်ဒိုယောင်း ရဲ့ မျက်ဝန်းသေတွေဟာ အရောင်လက်သွားပြန်တယ် ဒါပေမယ့် ဖျတ်ခနဲပဲ ။ သူ ဖမ်းဆုပ်လို့ မမိပြန်ဘူး ။ကင်ဒိုယောင်း က သူ့ကိုယ်သူ ပုန်းကွယ်တဲ့နေရာမှာ သိပ်လျင်မြန်တာပဲ။
"ငါ့ကိုဖမ်းဖို့ လာခဲ့တာပဲမှလား
ငါ့နောက်ကြောင်းတွေ အကုန်သိထားခဲ့ပြီးပြီ နေမှာပေါ့ ၊ မဟုတ်ဘူးလား "သူမကြာခဏ ပြုံးစေချင်ခဲ့တဲ့ ကင်ဒိုယောင်း ရဲ့ ခပ်မဲ့မဲ့အပြုံးတွေကို ထယ်ယုံး မုန်းမိတော့မလိုတောင် ဖြစ်ရလောက်အောင် ကင်ဒိုယောင်း ရဲ့ အပြုံးတွေဟာ လှောင်ပြောင်နေသလိုပဲ ။
"မင်းက ငါ့ကို ကောင်းကောင်းကြီး သိတယ်လို့
ငါထင်ခဲ့တာ ဟုတ်မနေဘူးပဲ "ထယ်ယုံးက အဲ့ဒီလိုပြောပြီးနောက်မှာ တိတ်ဆိတ်သွားတယ် ။ ကင်ဒိုယောင်းကလည်း ထပ်ပြီး မပြုံးတော့ပဲ ငြိမ်သက်သွားတယ် ။
သူတို့ ရှိနေတဲ့ အခန်းက မြေအောက်ခန်းတစ်ခုခု ဖြစ်ပုံရတယ် ။ ပုတ်သိုးသိုး အနံ့အသက်တွေလည်း ရှိတယ် ။ ပြီးတော့ အအေးဓာတ်က တဖြည်းဖြည်း လွှမ်းခြုံလာတယ် ။ ထယ်ယုံး ရဲ့ ခန္ဓာကိုယ်လေးဟာ ကြိုးတုပ်ထားတာထက်တောင် ပိုပြီးတော့ ကြုံ့ဝင်နေတယ် ။ ကင်ဒိုယောင်း က သူ့ကို လှမ်းကြည့်ပြီးနောက် တစ်နေရာကို ထွက်သွားတယ် ။ ပြန်လာတော့ လက်ထဲမှာ သစ်သားအပိုင်းအစတွေ ပါလာပြီး သွပ်ပြားတစ်ခုပေါ်မှာ ပုံလိုက်တယ် ။ ပြီးတော့ အဲ့ဒါကို သူ့ဘောင်းဘီအိတ်ကပ်ထဲက မီးခြစ်နဲ့ မီးမွေးလိုက်ပြီးနောက် ကျန်တဲ့ မီးအပိုင်းအစကိုတော့ စီးကရက်မှာ ညှိယူလိုက်တယ် ။ သူကတော့ ကင်ဒိုယောင်း ပြုမူသမျှကို လိုက်ကြည့်ပြီး ဒီနှစ်တွေအတွင်း ပြောင်းလဲသွားတဲ့အရာတွေကို ချိန်ဆနေမိတာပဲ ။
ကင်ဒိုယောင်း ကို ဘာတွေကများ အဲ့ဒီလေါက်အထိ ပြောင်းလဲစေခဲ့ပါသလဲ ။ဒါမှမဟုတ် အစကတည်းက သူ ကင်ဒိုယောင်းကို မသိခဲ့တာလည်း ဖြစ်နိုင်တယ် ။ အဲ့ဒါကြောင့်လည်း ပြောစရာတွေ အများကြီး ရှိနေပေမယ့် တိတ်ဆိတ်စွာပဲနေပြီး ကင်ဒိုယောင်း ရဲ့ လှုပ်ရှားမှု မှန်သမျှကိုပဲ လိုက်ကြည့်နေဖြစ်တယ် ။ သူ မကြည့်မိတဲ့အချိန်မှာ နောက်တစ်ခါ ထပ်ပြီး ပျောက်ကွယ်သွားရင် ဘယ်လိုလုပ်မလဲ ။
do0yui