(Unicode)
ဆတ်ကနဲ ပြုတ်ကျလိုက်တာနဲ့ အသားကုန် အော်ပြီးနောက် မောမောဟိုက်ဟိုက်နဲ့နိုးလာရသည်။
တစ်ကိုယ်လုံးချွေးတွေထွက်နေပြီး ရင်ဘတ်အစုံမှာ နိမ့်ချည်မြင့်ချည်။
နွေဦးရာသီဆိုပေမဲ့ မီတာခချွေတာမယ်ဆိုပြီး အဲယားကွန်းပါ ပိတ်ထားတဲ့အတွက် လူတစ်ကိုယ်လုံးလည်း ချွေးတွေနဲ့ ရွှဲနစ်လို့။
မီးတစ်လုံးတစ်လေတောင် ဖွင့်မထားလို့ အခန်းက ပိန်းမှောင်နေလေသည်။
အရင်ဘဝက သူ့အသက်ငယ်ငယ်နဲ့ သေဆုံးသွားရတဲ့အတွက် ရှာဖွေပြီး စုဆောင်းထားရသမျှတွေကို တပြားမှ သုံးမသွားခဲ့ရပေ။
ကပ်စေးနှဲပြီးချွေတာခဲ့ရတာလည်း အချည်းအနှီးပင်ဖြစ်သွား၏။
တဒုတ်ဒုတ်ခုန်နေတဲ့ ရင်အစုံကို ဖိလို့ အမောဖြေရသည်။ သူတကယ်ကြီး အသက်ပြန်ရှင်လာတာပဲ။
ကုတင်ဘေးက မီးအိမ်ကိုဖွင့်လို့ ဒစ်ဂျစ်တယ်နာရီကိုကြည့်လိုက်တော့ မနက်ခြောက်နာရီ ငါးမိနစ်။
ဒီအချိန်ဆို ယွီပင်းက အိပ်ရာထနေပြီ။ ယွီပင်းဆိုတာ ရှောင်းကျန့် အားအကိုးရဆုံး တပည့်ကျော်ဖြစ်သည်။ အရင်ဘဝတုန်းက ယွီပင်းတို့ သစ္စာရှိပုံများ ရှောင်းကျန့်ကို ကာကွယ်ရင်း အတူတူ အသတ်ခံခဲ့ရတာဖြစ်၏။
တစ်ကိုယ်လုံး ပူလောင်နေတဲ့အတွက် မဖွင့်တာကြာပြီဖြစ်တဲ့ အဲယားကွန်းကို ပထမဆုံးအနေနဲ့ ပြန်ဖွင့်လိုက်သည်။
အသက်ပြန်ရှင်လာတဲ့ဘဝမှာတော့ အသက်ရှင်ရကျိုးနပ်အောင် ရှိသမျှစည်းစိမ်တွေကို ကောင်းကောင်းဖြုန်းသွားပါဦးမည်။ တကယ်ဆို အရင်ဟော်ဂိုဏ်းချုပ်ဟောင်းထားခဲ့တဲ့ အမွေတွေနဲ့တင် တစ်သက်စားမကုန်တာဖြစ်သည်။
သူကိုက လောဘကြီးပြီး မစားရက်မသောက်ရက် မသုံးရက်နဲ့ ချွေတာစုဆောင်းခဲ့တာဖြစ်၏။
နောက်ဆုံးတော့လည်း အသတ်ခံရပြီး သူများလက်ထဲပါသွားတာကို။မသိရင် သူကပဲ တခြားသူအတွက် ပိုက်ဆံရှာပေးခဲ့သလို။
ဒီနေ့က ဘာနေ့လဲဆိုတာကြည့်လိုက်တော့ မြို့တောင်ပိုင်းမှာ ဆိုင်ခန်းခ အကြွေးတောင်းရမယ့်ရက်မှန်း ဦးနှောက်ထဲ တန်းပေါ်လာ၏ ။ အကြွေးသွားတောင်းရမှာကြောင့် ရှောင်းကျန့်မှာ အိပ်ယာထလို့ တစ်နေ့တာကို အစပြုရတော့မည်။